တူရကီသို့ ထွက်ပြေးခဲ့ကြသည့် အာဖဂန်နိုင်ငံသားများ နေထိုင်ရပ်တည်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

တူရကီသို့ ထွက်ပြေးခဲ့ကြသည့် အာဖဂန်နိုင်ငံသားများ နေထိုင်ရပ်တည်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လလယ်က တာလီဘန်တို့ ထိန်းချုပ်သွားခဲ့ပြီးနောက် တူရကီနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ထောင်နှင့်ချီသော အာဖဂန်နိုင်ငံသားများသည် ယခုအခါ ဘဝရပ်တည် နေထိုင်နိုင်ရေးအတွက် ခိုလှုံစရာနေရာများကို ရှာဖွေနေကြရလျက် ရှိကြောင်း Khaama Press သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

တူရကီသို့ ထွက်ပြေးခဲ့ကြသည့် အာဖဂန်နိုင်ငံသားများထဲတွင် ယခင်အစိုးရအဖွဲ့၏ အကြီးတန်းအရာရှိဟောင်းများ၊ ပါလီမန်အမတ်များ၊ နိုင်ငံရေးသမားများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ၊ အဆိုတော်များနှင့် အခြား လူပုဂ္ဂိုလ်များ ပါဝင်နေကြောင်း တူရကီ၏ Erciyes တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည့် ရာဇက်ဒင် ဘာလက်စ်က Khaama Press တွင် ရေးသားရင်း ပြောဆိုခဲ့သည်။

တရားသေအယူစွဲကိုင်သည့် အစ္စလမ္မစ် တာလီဘန်တို့ဘက်က အာဃာတဖြင့် လက်စားချေခြင်းနှင့်အတူ ၁၉၉၆ ခုနှစ်က လုပ်ခဲ့သည့်အတိုင်း တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ပြီး လူ့အခွင့်အရေးအပေါ် ချိုးဖောက်မှုများ လုပ်ဆောင်လာလိမ့်မည်ဟု အဆိုပါ အာဖဂန်နိုင်ငံသားများက ထင်မြင်ပြီး ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ကြကြောင်း ဘာလက်စ်က ပြောသည်။

ယမန်နှစ် ဩဂုတ်လလယ်က အာဖဂန်နစ္စတန်တွင် အနောက်အုပ်စု ကျောထောက်နောက်ခံပြု အစိုးရထံမှ တာလီဘန်တို့ တဖန် အာဏာပြန်ရသွားခဲ့ပြီးနောက် တူရကီသို့ အာဖဂန်နိုင်ငံသားများ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရွှေ့ပြောင်းသွားလာသည့် လှိုင်းသစ်တစ်ခု စတင်ပေါ်ပေါက်ခဲ့သည်။

တူရကီသို့ တရားဝင် သို့မဟုတ် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်ခဲ့ကြသည့် အာဖဂန်နိုင်ငံသားများအနက် အများစုသည် ယခုအခါ ၎င်းတို့ ဘဝဆက်လက်ရပ်တည်နိုင်ရေးအတွက် ခိုလှုံစရာနေရာများကို အသည်းအသန် ရှာဖွေနေကြရသည်။

ထို့ပြင် ၎င်းတို့သည် လက်ရှိအချိန်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများကို လိုသည်ထက်ပိုပြီး တွေ့ကြုံခံစားနေကြရသည်။

တူရကီနိုင်ငံတွင် ရောက်ရှိနေသည်ဆိုသော်လည်း အဆိုပါ အာဖဂန်နိုင်ငံသားများသည် မလုံမခြုံဖြစ်မှု၊ မသေချာမရေရာမှုတို့ဖြင့် နေ့ရက်များကို ဖြတ်သန်းနေကြရကြောင်း Khaama Press ၏ သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly