မက္ကဆီကိုက တရုတ်သတ္တုတွင်းကုမ္ပဏီကို မသင်္ကာ၍ နိုင်ငံပိုင် လစ်သီယမ်ကုမ္ပဏီတည်ထောင်ရန် စီစဉ်

မက္ကဆီကိုက တရုတ်သတ္တုတွင်းကုမ္ပဏီကို မသင်္ကာ၍ နိုင်ငံပိုင် လစ်သီယမ်ကုမ္ပဏီတည်ထောင်ရန် စီစဉ်

မက္ကဆီကိုသမ္မတက လစ်သီယမ်တူးဖော်ရန် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်လိုက်ပြီး တရုတ်ကုမ္ပဏီလက်အောက်ရှိ လက်ရှိခွင့်ပြုထားသော လုပ်ငန်းအနည်းငယ်မှ တစ်ခုကို ပယ်ဖျက်ရန် စီစဉ်ထားသည့်အခြေအနေတွင် ရှိနေသည်။

သမ္မတ အန်ဒရေးမန်နျူရယ်လိုပက်ဇ်အော်ဘရာဒိုက လစ်သီယမ်အား မဟာဗျူဟာအရ အရေးပါသည့် ဓာတ်သတ္တုအဖြစ် ကြေညာလိုပြီး အနာဂတ်တွင် ဆက်လက်ရှာဖွေတူးဖော်နိုင်ရန် ထိန်းသိမ်းထားလိုကြောင်းလည်း အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ လစ်သီယမ်သည် ဘက်ထရီများထုတ်လုပ်ရာ၌ အဓိကကျသည့် သတ္ထုပစ္စည်းတစ်မျိုးဖြစ်သည်။

တရုတ်ကုမ္ပဏီတစ်ခုနှင့်ဆက်စပ်နေသော မြောက်ပိုင်း ဆိုနိုရာပြည်နယ်ရှိ ပုဂ္ဂလိက လစ်သီယမ်သတ္တုတွင်းကို စတင်ထုတ်လုပ်ခွင့် ပြုတော့မည်မဟုတ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

"သူတို့လုပ်ချင်တာက ဆက်ပြီးလုယက်ခိုးယူနေဖို့ပါ။ ဒါတွေက ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ။ လစ်သီယမ်ကို အစိုးရကပဲ တူးဖော်သွားမှာပါ" ဟု လိုပက်ဇ်အော်ဘရာဒို က ပြောကြားခဲ့သည်။

Bacanora Lithium ကုမ္ပဏီသည် မက္ကဆီကိုနိုင်ငံ၏ တစ်ခုတည်းသော အလားအလာရှိသည့် ပုဂ္ဂလိက လစ်သီယမ်သတ္တုလုပ်ငန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် မျှော်လင့်ထားသည်။ ၎င်းကို လက်ရှိတွင် တရုတ်လစ်သီယမ်ကုမ္ပဏီကြီး Ganfeng International က ပိုင်ဆိုင်ထားသည်။

မက္ကဆီကိုတွင် လုပ်ပိုင်ခွင့်ရထားပြီးဖြစ်သော လီသီယမ်တူးဖော်ရေး ကုမ္ပဏီ ၈ ခုသည် သတ္တုကို ကောင်းစွာ ထုတ်လုပ်နိုင်သရွေ့ အသိအမှတ်ပြုခံရမည်ဟု ပြည်ထဲရေးဝန်ကြီး အာဒန်လိုပက်ဇ်ဟာနန်ဒက်က အောက်တိုဘာလတွင် ပြောကြားခဲ့သည်။

လိုပက်ဇ်ဟာနန်ဒက်က အဆိုပါ စံနှုန်းများနှင့် ကိုက်ညီသော ပုဂ္ဂလိကသတ္တုတူးဖော်ရေးကုမ္ပဏီ တစ်ခုသာ ရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါသတ္တုတွင်းကုမ္ပဏီကို အမည်မဖော်ပြသော်လည်း Bacanora Lithium ကုမ္ပဏီကို ညွှန်းဆိုဟန်ရှိပြီး ၂၀၂၃ခုနှစ်မှစတင်၍ နှစ်စဉ် လီသီယမ် တန်ချိန် ၃၅ ၀၀၀ ထုတ်လုပ်ရန် မျှော်လင့်ထားသည့် စီမံကိန်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly