ရီးယဲလ်မက်ဒရစ် နည်းပြအဖွဲ့ဝင်ဖြစ်လာရန်အတွက် ရောဘတ်တိုကားလို့စ် ဆွေးနွေးနေ

ရီးယဲလ်မက်ဒရစ် နည်းပြအဖွဲ့ဝင်ဖြစ်လာရန်အတွက် ရောဘတ်တိုကားလို့စ် ဆွေးနွေးနေ

ရီးယဲလ်မက်ဒရစ်အသင်းတွင် နည်းပြဇီဒန်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာရန်အတွက် ဆွေးနွေးနေကြောင်း ရောဘတ်တိုကားလို့စ်က ပြောကြားခဲ့ပြီး နေမာကိုလည်း အသင်းသို့ ပြောင်းလာအောင် ဆွဲဆောင်သွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောသည်။

အိန္ဒိယကလပ် ဒေလီဒိုင်နမို့စ်အသင်းတွင် ကစားသမားနည်းပြအဖြစ် တာဝန်ယူနေသော ကားလို့စ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၁၉၉၆ မှ ၂၀ဝ၇ အတွင်း ပွဲပေါင်း ၅၀ဝ ကျော် ကစားခဲ့သူဖြစ်သည်။

“ကျွန်တော့် အနာဂတ်နဲ့ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေပါတယ်။ သိပ်မကြာခင်မှာ ဇီဒန်းရဲ့ နည်းပြအဖွဲ့မှာ ဘယ်နေရာက တာဝန်ယူခွင့်ရမလဲဆိုတာ သိရတော့မှာပါ”ဟု ကားလို့စ်က ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ကစားလို့စ်က ဘင်နီတက်ဇ် ထွက်ခွာသွားပြီးနောက် ဇီဒန်းကို နည်းပြခန့်လိုက်သည့် ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ကိုလည်း ချီးကျူးခဲ့သည်။

“အဝတ်လဲခန်းထဲမှာ ဇီဒန်းက ဦးဆောင်သူပါ။ သူ့ကိုယ်ရေကိုယ်သွေးက သူ့ကို အောင်မြင်မှုတွေ ရစေပါလိမ့်မယ်။ နည်းပြဟာ ကစားသမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိရမှာဖြစ်ပြီး ဘင်နီတက်ဇ်ကတော့ ရုန်းကန်ခဲ့ရပါတယ်”ဟု ကားလို့စ်က ဆိုသည်။

ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲတွင် တတိယရခဲ့သည့် နေမာနှင့်ပတ်သက်၍လည်း ယင်းကစားသမား နောက်ထပ်ပြောင်းရွှေ့မည့် အသင်းမှာ ဘာစီလိုနာ၏ ခါးသီးပြိုင်ဘက် အသင်းဖြစ်နိုင်သည်ဟု ကားလို့စ်က ပြောသည်။

“သူ့ကို ရီးယဲလ်မက်ဒရစ်ရောက်အောင် ကျွန်တော် ခေါ်နိုင်ပါတယ်။ သူက သိပ်ငယ်သေးတယ်။ လာမယ့်နှစ် ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲမှာ သူဒီထက် ပိုမြင့်တဲ့ အဆင့်ရမယ်လို့ ကျွန်တော် ပြောရဲတယ်”ဟု ကားလို့စ်က ဆိုခဲ့သည်။

ရည်ညွှန်း-သည်ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly