တူရကီမှ ဝီဂါများက ရှင်ကျန်း၌ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများခံခဲ့ရကြောင်း ဖွင့်ဟထုတ်ဖော်

တူရကီမှ ဝီဂါများက ရှင်ကျန်း၌ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများခံခဲ့ရကြောင်း ဖွင့်ဟထုတ်ဖော်

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ပညာသင်ကြားရန် သွားရောက်ခဲ့သည့် တူရကီမှ ဝီဂါတိုင်းရင်းသား များသည် နေထိုင်စဉ်အတွင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။

ဝီဂါမျိုးနွယ် ကလေး ၂ ဦးသည် ခေါင်းရိတ်ခံရပြီး အတန်းခေါင်းဆောင်နှင့် ဆရာ/မများက ၎င်းတို့အား မကြာခဏ ရိုက်နှက်ကြောင်းနှင့် အမှောင်ခန်းထဲတွင် သော့ခတ်ထားကာ စည်းကမ်းဖောက်ဖျက်မှုအတွက် ဒဏ်ပေးခံရခြင်းများရှိကြောင်း National Public Radio ကဖော်ပြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တူရကီနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းတို့သည် အာဟာရချို့တဲ့နေပြီး စိတ်ဒဏ်ရာရရှိနေကြသည်။

၎င်းတို့သည် မိခင်ဘာသာစကားဖြစ်သည့် ဝီဂါနှင့် တာကစ်ဘာသာတို့ကို မည်သို့ပြောရမည်ကိုလည်း မေ့လျော့သွားခဲ့သည်။ ကလေးငယ်များသည် တူရကီတွင် ကြီးပြင်းလာခဲ့ကြသော်လည်း တရုတ်သို့ မိသားစုလိုက် အလည်အပတ်ခရီးသွားစဉ် ဘော်ဒါကျောင်းများသို့ အတင်းအကျပ် ပို့ဆောင်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ရှင်ကျန်းရှိ အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ မွတ်စလင်အများစု နေထိုင်ရာ လူနည်းစုဖြစ်သည့် ဝီဂါထောင်ပေါင်းများစွာကို စုစည်းကာ မန်ဒရင်းတရုတ်နှင့် တရုတ်နိုင်ငံရေး သဘောတရားများကို သင်ကြားသည့် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခဲ့သည်။

အထိန်းသိမ်းခံ သို့မဟုတ် အဖမ်းခံရသူများ၏ သားသမီးများကို ဆွေမျိုးများက ခေါ်ထားလိုသော်လည်းပြည်နယ်ဘော်ဒါကျောင်းများသို့ မကြာခဏ ပို့ဆောင်လေ့ရှိသည်။

ယင်းသည် လူနည်းစုကလေးငယ်များအား ဟန်လူမျိုးစုများကဲ့သို့ စကားပြောဆိုရန်နှင့်ပြုမူစေရန် ပုံစံသွင်းသည့် တရုတ်အာဏာပိုင်များ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဤသို့ မိသားစုများကို ခွဲထုတ်ခြင်းသည် တရုတ်နိုင်ငံရှိ ဝီဂါဘာသာစကားနှင့် ယဉ်ကျေးမှုကို ဖြည်းဖြည်းချင်း ဖျောက်ဖျက်ပစ်ရန် အကြောင်းရင်းတစ်ခုဖြစ်ကြောင်းနှင့် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ နယ်သာလန်နှင့် အခြားနိုင်ငံများမှ တာဝန်ရှိသူများက ရှင်ကျန်းတွင် ကျင့်သုံးနေသော တရုတ်၏မူဝါဒများသည် လူမျိုးတုံးသတ်ဖြတ်ရာရောက်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly