ပင်းတယမြို့လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

By စန်းကျိန်
10 February 2022
ပင်းတယမြို့လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ လျှပ်စစ်ရုံးဝင်းအတွင်း ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် ညနေ ၃ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

တော်လှန်ရေးကာလအတွင်း ပင်းတယမြို့တွင် ပထမဦးဆုံးအကြိမ် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးအဆောက်အဦ ပျက်စီးမှုအနည်းငယ်သာ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ဖောက်ခွဲမှုကိုပြုလုပ်သည့် ပင်းတယ မြို့ပြပြောက်ကျားရဲဘော်တစ်ဦးထံက သိရသည်။

"မီတာခ အတင်းအကျပ်လိုက်ကောက်တာရယ်၊ မီးလိုက်ဖြတ်တာရယ်၊ ဘယ်နေ့လာမဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ခဏခဏခြိမ်းခြောက်လို့ ဖောက်ခွဲမှုပြုလုပ်ခဲ့တာပါ။ နောက်ထပ်လုပ်စရာရှိတာတွေလည်း ဆက်လုပ်သွားဖို့ရှိပါတယ်" ဟု အဆိုပါ ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပင်းတယမြို့တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်အားကိုးဖြင့် ရမ်းကားရိုက်နှက် ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှက်ရှိသည့်အတွက် ပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မိမိတို့၏ လုံခြုံရေးနယ်မြေဒေသကို ကာကွယ်ရန်အတွက် ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ Urban Guerrillas of Pindaya (UGP) ကို ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်းလည်း ၎င်း တပ်ဖွဲ့ဝင်များထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly