မင်းကင်းနယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၃ ဦးသေ သေနတ် ၂လက် သိမ်းဆည်းနိုင်၊ တိုက်ပွဲအနီးရွာ ၂ ရွာ ရွာလုံး ကျွတ်မီးရှို့ ဖျက်ဆီးခံရ

မင်းကင်းနယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၃ ဦးသေ သေနတ် ၂လက် သိမ်းဆည်းနိုင်၊ တိုက်ပွဲအနီးရွာ ၂ ရွာ ရွာလုံး ကျွတ်မီးရှို့ ဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နှင့် ငါးမိုင်ခန့်အကွာ စနင်းဗျင်းရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်လက်အောက်ခံရဲများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး MA-2 တစ်လက်၊ ကာဘိုင်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီ ခွဲအချိန်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စနင်းဗျင်းကျေးရွာအနီးဝန်းကျင်ရှိ မုသာကျေးရွာနှင့်မောက်တက်ကျေးရွာနှစ်ရွာအား ဝင်ရောက်မီးရှို့သွားကြောင်းမုသာရွာ ဒေသခံတစ်ဦးက ပြောသည်။

"စနဗျင်းရွာဘေးက မောက္ကတော်ကျေးရွာမှာက ရဲစခန်းရှိတယ် အဲ့ဒီကရဲတွေနဲ့ပျူစောထီး ပေါင်းပြီးတပ်စွဲထားကြတာ ဒါကိုဒေသခံတော်လှန်ရေးတပ်တွေကတိုက်ကြတာပါ ခုထိလည်းတိုက်ပွဲဖြစ်နေတုန်းပါ" ဟု ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ခင်း ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ဒေသခံကဖြေကြားသည်။

စစ်ကောင်စီတပ်မီးရှို့သည့် မုသာကျေးရွာတွင် အိမ်ခြေ၁၇၀ ခန့်ရှိပြီး ရွာလုံးကျွတ်မီးလောင်ပြာကျသွားပြီဟုသိရပြီးအိမ်ခြေ ၂၀၀ ခန့်ရှိသည့် မောက်တက်ရွာ၏ ပျက်စီးဆုံးရှုံးမှုကိုမရသေးပေ။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ညတွင် မင်းကင်းဒေသရှိ ပျူစောထီးအဖွဲ့များအားကောင်းသည့် ပန်းဆက်ရွာနှင့်တောင်ဖြူရွာမှ ပျူစောထီးများသည် တိုက်ခိုက်ခံရသည့် စနင်းဗျင်းကျေးရွာသို့ အင်အား ၁၅၀ ခန့်ပူးပေါင်းကာ ယခုကဲ့သို့ မီးရှို့ကြခြင်းဖြစ်သည်။

"သူတို့ပျူတွေအဖွဲ့မှာ တချို့လူတွေက လက်နက်ဘာမှမပါဘူး အိမ်တွေကိုတမင်မီးရှို့ဖို့လိုက်လာကြတာ လက်နက်နဲ့သူတွေကရမ်းပြီး ပစ်နေချိန် မီးရှို့တဲ့အဖွဲ့က အကုန်လိုက်ပြီး မီးရှို့ကြတာ" ဟု ပုန်းခိုရင်းမြင်တွေ့ရသည့် အခြေအနေကို မောက်တက်ရွာသားတစ်ဦးကပြောပြသည်။

တိုက်ပွဲသည်လက်ရှိအချိန်ထိ ပစ်ခတ်သံများရှိနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦးကျဆုံးသည်ကိုအတည်ပြုနိုင်ကြောင်း အခြားထိခိုက်ဒဏ်ရာရစာရင်းကိုမူ မသိရသေးကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required