အချက်အလက်စစ်ဆေးခြင်း- အင်းယားကန်ရှေ့ ဗီနိုင်းတက်ချိတ်သောလူငယ်တွင် လက်နက်ကိုင်ဆောင်ခြင်းမရှိ

အချက်အလက်စစ်ဆေးခြင်း- အင်းယားကန်ရှေ့ ဗီနိုင်းတက်ချိတ်သောလူငယ်တွင် လက်နက်ကိုင်ဆောင်ခြင်းမရှိ

ဖေဖော်ဝါရီ ၁၀

ရန်ကုန်မြို့ ပြည်လမ်း၊တံတားဖြူ လူကူးတံတားပေါ်တွင် ဖေဖော်ဝါရီလ ၆ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းတက်ချိတ်သည့် ခဲ့သည့် လူငယ်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့်ဒဏ်ရာရရှိခဲ့သူ လူငယ်တစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးကိုပါ သိမ်းဆည်းရမိသည်ဟု အဆိုပြချက်ကို တယ်လီဂရမ် ချန်နယ်တွင်ဖြန့်ဝေမှုများရှိနေသည်။ သို့သော် ၄င်းအဆိုပြုချက်မှာ သတင်းမှားဖြစ်သည်။

“The Five Media” အမည်ရှိ လူပေါင်း လေးထောင်ကျော် မှ subscribe လုပ်ထားသည့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်မှ သတင်းမှားစတင်ဖြန့်ဝေခဲ့တာပါ။

“ လူကူးတံတားပေါ်တွင် ဆန့်ကျင်စာကပ်နေသူသုံးဦး ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိပြီး လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိ” ဟု ရေးသားထားသည်။ ဒါ့အပြင် လူပေါင်း တစ်သောင်းတစ်ထောင်ကျော်မှ subscribe လုပ်ထားသည့် Fourth Estate Media အမည်ရှိ တယ်လီဂရမ် ချန်နယ်တွင် “အင်းလျားမှာ ဗုံးထောင်နေတဲ့ PDF အကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံး ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီးသေ” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီနိုင်းချိတ်သူ လူငယ် ထွက်ပြေးစဉ် ပစ်ခတ်ခံရမှုကို အစအဆုံး မြင်တွေ့ခဲ့သူ မျက်မြင်တစ်ဦးက ပြောကြားရတွင် “ ၃ နာရီလောက်က သူ လမ်းထဲပြေးဝင်လာတယ်၊အနောက်က စစ်သားသုံးယောက်လိုက်လာတာ၊ သူ့အိတ်လေးတစ်လုံး Condo ထဲပစ်လိုက်တယ်၊ အဲ့ကောင်လေး ဘာမှမကိုင်ထားဖူး၊ သူလဲသွားတော့ စစ်သားတွေအများကြီးရောက်လာရော၊ အဲ့မှာ သူပစ်လိုက်တဲ့ အထုတ်ကို ယူစစ်တာ၊ ဆံချည်တစ်မျှင်တောင် နောက်မဆုတ်နဲ့ ဆိုတဲ့ ဗီနိုင်းနဲ့” ဟု ပါရှိသည်။

“မျက်စိရှေ့မှာ အူတွေထွက်နေတာတောင် သူက လက်သုံးချောင်းထောင်ပြီး အော်နေခဲ့တာ” ဟုလည်း ဆိုသည်။

အခင်းဖြစ်ပွားချိန်ကလည်း အနီးရှိအိမ်များကို သေနတ်များဖြင့်ချိန်ပြီး စစ်ဆေးမှုများ လုပ်ခဲ့သည်ဟုလည်း သိရသည်။

ဒဏ်ရာရလူငယ်နှင့် နီးစပ်သူ တစ်ဦးကလည်း “ဗုံးထောင်တယ်ဆိုတာ မဟုတ်ပါဘူး၊သူ့လက်ထဲ စာစောင်အချိူ့ပဲ ပါတယ်၊ဗုံးပေါက် ဒဏ်ရာရတာမဟုတ်ဖူး၊သေနတ်ပစ်ခံရတာ၊ သူတို့ဘက်က သူတို့ပစ်လိုက်တဲ့အမှားကို ဖုံးချင်တဲ့အတွက် ဗုံးပေါက်တယ်လို့ပြောဆိုနေကြတာပါ” ဟု ပြောကြားသည်။

ကနဦးက အဆိုပါ ပစ်ခတ်ခံရသည့် လူငယ်သည် နေရာမှာပင် သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပေသော်လည်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်အချိူ့ရဲ့ ပြောကြားချက်အရ ခွဲစိတ်မှုအောင်မြင်သည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly