ကျန်းမာရေးချို့တဲ့သည့် တိဗက်နိုင်ငံရေးအကျဉ်းသားဟောင်းကို ရဲများက စောင့်ကြည့်နေဆဲ

ကျန်းမာရေးချို့တဲ့သည့် တိဗက်နိုင်ငံရေးအကျဉ်းသားဟောင်းကို ရဲများက စောင့်ကြည့်နေဆဲ

တိဗက်လွတ်မြောက်ရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသော တိဗက်ဘုန်းကြီးတစ်ပါးသည် အကျဉ်းချခံရစဉ် ရိုက်နှက်ခံရမှုကြောင့် ခြေထောက် မသန်မစွမ်းဖြစ်နေသော်လည်း လွတ်မြောက်လာပြီးနှစ်ပေါင်းများစွာကြာသည်အထိ အာဏာပိုင်တို့၏ စောင့်ကြည့်ခံနေရဆဲဖြစ်ကြောင်း တိဗက်သတင်းရင်းမြစ်များက ပြောသည်။

စီချွမ်ပြည်နယ် ကာဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ ဒရက်ဂိုဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးဖြစ်သည့် ဂီရှီစီဝမ်နမ်ဂယ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ကျန်းမာရေးချို့တဲ့စွာဖြင့် လွတ်မြောက်လာခဲ့ပြီး ယခုအခါ အခြေအနေစိုးရိမ်ရကြောင်း ပြည်ပရောက် တိဗက်လူမျိုးတစ်ဦးက RFA ကိုပြောသည်။

“ထောင်ထဲမှာ အရိုက်ခံခဲ့ရတာကြောင့် ကျန်းမာရေး ယိုယွင်းနေပြီး အခု ခြေထောက်နှစ်ဖက်စလုံး မသန်မစွမ်းဖြစ်နေပါတယ်” ဟု ဒရက်ဂိုနယ်မြေရှိ အဆက်အသွယ်များကို ကိုးကား၍ အမည်မဖော်လိုသူ တစ်ဦးက RFA သို့ပြောသည်။

တရုတ်ရဲများက အနီးကပ်စောင့်ကြည့်နေဆဲဖြစ်သော နမ်ဂယ်သည် တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် ပါဝင်ပြီးနောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သူဟာ ဒရက်ဂိုဘုန်းကြီးကျောင်းကို ပြန်လာခွင့်မရတော့ပါဘူး။ စုဝေးပွဲတွေမှာ မပါဝင်နိုင်သလို ဆဲလ်ဖုန်းလည်းကိုင်ဆောင်ခွင့်မရှိပါဘူး။ ထောင်ထဲမှာလည်း သူ့အတွေ့အကြုံတွေကို တခြားသူတွေကို ပြောခွင့်မရပါဘူး။ ခရီးမထွက်ခင် ဒါမှမဟုတ် ဆေးကုသမှုမခံယူခင်မှာ ရဲတွေဆီက ခွင့်ပြုချက် ယူရမှာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဒရက်ဂိုတွင်ဆန္ဒပြမှုအတွင်း နမ်ဂယ်နှင့်အတူဖမ်းဆီးခံခဲ့ရသူများမှာ ကျောင်းတိုက်၏စာရင်းကိုင် ဒရာလာနှင့် တရားဟောဆရာ ခန်ပိုတန်ဂါ တို့ဖြစ်သည်။နှစ်ဦးစလုံး ကျန်းမာရေး ချို့တဲ့နေကြောင်း လည်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။

“ဒရာလာက အမြင်အာရုံ ဆုံးရှုံးသွားပြီး ခန်ပိုတန်ဂါရဲ့ ဦးခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ နားမကြားရတော့ဘဲ အိပ်မပျော်တဲ့ဝေဒနာလည်း ခံစားနေရပါတယ်”

သူတို့တွေ ကျန်းမာရေး ဆိုးရွားနေပေမယ့် တရုတ်အစိုးရက သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို အဆက်မပြတ် စောင့်ကြည့်နေပါတယ်။ သူတို့ဟာ မတတ်နိုင်တဲ့အတွက် သင့်တင့်လျောက်ပတ်တဲ့ ဆေးကုသမှုလည်း မခံယူရဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly