မလှိုင်တွင် ဥပဒေနှင့်အညီ အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် ဒေသခံများ တောင်းဆိုဆန္ဒပြ

မလှိုင်တွင် ဥပဒေနှင့်အညီ အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် ဒေသခံများ တောင်းဆိုဆန္ဒပြ
မန္တလေးတိုင်း မလှိုင်မြို့နယ်အတွက် အုပ်ချုပ်ရေးမှူရွေးချယ်ရာတွင် ဥပဒေနှင့်အညီ မရွေးဟုဆိုကာ ရပ်ကွက် ကျေးရွာများကို ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ပေးရန် ပြည်သူလူထုမှ ဇန်နဝါရီ ၁၅ ရက်က တောင်းဆို ဆန္ဒထုတ်ဖော်စဉ်(ဓာတ်ပုံ-ဘိုဘို)

မန္တလေး၊ ဇန်နဝါရီ ၁၅ ။             ။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်မှု ပြုလုပ်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ပြီး   ပြန်လည်ရွေးချယ်ပေးရန် ဒေသခံ ၃၀၀ကျော်က ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်ဟု ဦးဆောင်သူ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုသက်နိုင်ဝင်းက မဇ္ဈိမကိုပြောသည်။

"အုပ်ချုပ်ရေးမှူးရွေးဖို့ ကြီးကြပ်ရေး ၅ ဦးရွေးတာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ ရပ်ကွက်ကရော၊ကျေးရွာတွေကရော ဘယ်သူမှအသိမပေးဘဲ ရွေးခဲ့သလို ဆယ်အိမ်စုမှူးရွေးတဲ့နေရာမှာလည်း အသိမပေးဘူး။လက်သင့်ရာရွေးခဲ့တယ်။ အဲဒါတွေကို မကျေနပ်လို့ အသစ်ပြန်ရွေးဖို့ ဒီနေ့တောင်းဆိုဆန္ဒပြတာပဲ။"ဟု ကိုသက်နိုင်ဝင်း ကပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ရွာတန်းရှည်ကျေးရွာမှဒေါ်လှလေး က "ရွေးတာတွေက သူတို့ ကြိုက်တာပဲရွေးနေကြတာ။ ကိုယ်ကြိုက်တာရွေးခွင့်မရှိဘူး။ ဘာမှမသိရဘူး။   ရွေးပြီးမှ ဒီလူတွေပဲလို့ပြောတယ်။ ကျွန်မတို့လက်သင့်မခံဘူး။ ကိုယ့်ရပ်ကိုယ့်ရွာ ကောင်းအောင်လုပ်မယ့်သူပဲ အလိုရှိတယ်။"ဟု ပြောသည်။

ဆန္ဒဖော်ထုတ်တောင်းဆိုရာတွင် မလှိုင်မြို့နယ်အတွင်းမှ ရပ်ကွက် ၂၊ရပ်ကွက် ၃ နှင့် ဆည်ကြီး၊ ရန်ငွေ့၊ တည်ကုန်း၊မင်းလှ၊ ရေထွက်၊ ဆည်တို၊ သုံးထောင်၊ ရွာတန်းရှည်၊ ဖက်ကုန်း၊ နှောတန်း စသည့် ကျေးရွာများမှ ဒေသခံများပါဝင်ခဲ့ပြီး" ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဥပဒေနှင့်အညီ ရွေးချယ်ရေး ဒို့အရေး၊ ဥပဒေနှင့်အညီ မရွေးချယ်ခဲ့သော နေရာများ ပြန်လည်ရွေးချယ်ပေးရေး ဒို့အရေး၊ ဥပဒေအား မလိုက်နာသူများ အလိုမရှိ"ဟူ၍ ကြွေးကြော်တောင်းဆိုကြသည်။

ထိုသို့ဆန္ဒဖော်ထုတ်ခွင့် ရရှိရန်အတွက် ဇန်နဝါရီလ ၁၀ ရက်တွင် မလှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် စာတင်ခဲ့ပြီး ခွင့်ပြုချက်ရသည့် ဇန်နဝါရီ ၁၅ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့်ပတ်သက်၍ မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၏ လက်ကိုင်ဖုန်း ၀၉၄၃၀----- သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly