၅ နှစ်ကျော်ကြာ လည်ပင်းမှာ တာယာကွင်း စွပ်မိနေခဲ့တဲ့ မိကျောင်းကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့

၅ နှစ်ကျော်ကြာ လည်ပင်းမှာ တာယာကွင်း စွပ်မိနေခဲ့တဲ့ မိကျောင်းကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့
Photo - AFP

ဖေဖော်ဝါရီလ ၉ ရက်

အင်ဒိုနီးရှားနိုင်ငံမှာ လည်ပင်းမှာ တာယာကွင်း စွပ်မိရင်း ငါးနှစ်ကျော်ကြာ နေထိုင်ကျက်စားခဲ့ရတဲ့ မိကျောင်းရိုင်းတစ်ကောင်ကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ယမန်နေ့က ပြောပါတယ်။

ယင်းမိကျောင်းရဲ့ လည်ပင်းမှာ စွပ်မိနေတဲ့ တာယာကွင်းကို ဖယ်ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ မြစ်ထဲကို ပြန်လွှတ်ပေးလိုက်နိုင်ပြီဖြစ်ပါတယ်။

လည်ပင်းမှာ ဆိုင်ကယ် တာယာကွင်းတစ်ကွင်း စွပ်မိလျက်သားနဲ့ လှည့်လည်သွားလာနေတဲ့ မိကျောင်းတစ်ကောင်ကို ဆူလာဝေစီကျွန်းရဲ့ ပါလူမြို့ခံတွေက တွေ့ရှိခဲ့ပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အမှုထမ်းတွေဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက အဆိုပါ ဒုက္ခရောက်နေခဲ့တဲ့ ရေငံမိကျောင်းကို မျှားခေါ်ဖို့ ကြိုးပမ်းနေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဆူလာဝေစီ အလယ်ပိုင်း ပါလူမြစ်ထဲမှာ နေဆာလှုံနေတတ်တာကို မကြာခဏ တွေ့ရတဲ့ အရှည် ၅ ဒသမ ၂ မီတာ (၁၇ ပေ) ခန့်ရှိ ယင်းမိကျောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဒေသခံတစ်ဦးက မျှားခေါ်ပြီး လည်ပင်းက ကွင်းကို ချွတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိ ငှက်ရောင်းချသူ တီလီ အမည်ရ ဒေသခံအမျိုးသားတစ်ဦးက ကြက်ကို အစာအနေနဲ့ သုံးပြီး ယင်းမိကျောင်းကို မျှားခေါ်ခဲ့ပြီး ယင်းနောက် မိကျောင်းကို ကြိုးတွေနဲ့ ချည်တုပ်ခဲ့ရတာဖြစ်ပါတယ်။

သုံးပတ်ကြာမြင့်ခဲ့တဲ့ ကယ်ဆယ်ရေး အားထုတ်မှုအတွင်း အခြားဒေသခံ ဒါဇင်များစွာက ဝိုင်းဝန်းပြီး မိကျောင်းကို ကမ်းဆီ ဆွဲတင်နိုင်ခဲ့ကာ လည်ပင်းက တာယာကွင်းကို ဖြတ်တောက်ဖယ်ရှားပေးခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ကူညီပေးချင်ရုံသက်သက်ပါ။ တိရစ္ဆာန်တွေ အနှောင်အဖွဲ့မိပြီး ဒုက္ခရောက်နေတာမျိုးတွေကို မြင်ရတာကို ကျွန်တော် မကြိုက်ပါဘူး” ဟု တီလီက အေအက်ဖ်ပီကို ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required