ဆီးရီးယားဘက်က ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ပြီး အစ္စရေးက လေကြောင်းတိုက်ခိုက် 

ဆီးရီးယားဘက်က ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ပြီး အစ္စရေးက လေကြောင်းတိုက်ခိုက် 
Photo - AFP

ဖေဖော်ဝါရီလ ၉ ရက်

ဆီးရီးယားဘက်က ဒုံးကျည်ပစ်ခတ်တာကို တုံ့ပြန်ပြီး အစ္စရေးက ဗုဒ္ဓဟူးနေ့အစောပိုင်း ဆီးရီးယားက ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ လေယာဉ်ဖျက် အမြောက်တပ်ခွဲကို ထိမှန်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ 

ဆီးရီးယားဘက်က ဒုံးကျည်ပစ်ခတ်ပေမယ့် လေထဲမှာပဲ ပေါက်ကွဲသွားခဲ့ပြီးနောက်မှာ အစ္စရေးမြောက်ပိုင်းက အာရပ်မြို့ဖြစ်တဲ့ အွမ်အယ်လ်ဖမ့်မြို့မှာ သတိပေးဥဩသံတွေ ဆွဲခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တွစ်တာမှာ ရေးသားပါတယ်။ 

“အစောပိုင်းအချိန်က ဆီးရီးယားဘက်ကနေ လေယာဉ်ဖျက် ဒုံးကျည်တွေ ပစ်ခတ်တာကို တုံ့ပြန်ခဲ့ပါတယ်၊ ဆီးရီးယားဘက်က ရေဒါနဲ့ လေယာဉ်ဖျက် အမြောက်တပ်ခွဲအပါအဝင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်မှတ်တွေကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”ဆိုပြီး တွစ်တာမှာ ရေးသားပါတယ်။ 

ဒမတ်စကပ် ဝန်းကျင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို နိုင်ငံရဲ့ လေကြောင်းရန်ကာစနစ်က ဟန့်တားနိုင်ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံက ဆိုပါတယ်။  

နံနက် ၁ နာရီ မထိုးခင်လေးမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု စတင်ကြောင်းနဲ့ ၁ နာရီ ၁၀ မိနစ်မှာ သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ကနေ မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေကို ပစ်ခတ်လာတာကို ခုခံခဲ့ကြောင်း စစ်သတင်းရင်းမြစ်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။ 

“ကျွန်တော်တို့ရဲ့ လေကြောင်းကာကွယ်ရေးဟာ ရန်သူရဲ့ ဒုံးကျည်တွေကို ကြံ့ကြံ့ခိုင်ပြီး အချို့ကို ပစ်ချခဲ့ပါတယ်”လို့ နိုင်ငံပိုင် SANA သတင်းက ထုတ်ပြန်ပါတယ်။ 

ပျက်စီးမှုအချို့ ရှိတာနဲ့အတူ စစ်သားတစ်ဦး သေဆုံးပြီး အခြား ငါးဦး ထိခိုက်ဒဏ်ရရတယ်လို့ SANA သတင်းက ဖော်ပြပါတယ်။ 

အစ္စရေးဟာ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ထင်မြင်ချက် ပေးခဲ့ပေမယ့် ဆီးရီးယားနိုင်ငံအတွင်း ရန်ဖက် အီရန် တပ်တည်ရှိမှု တိုးချဲ့လာမှာကို ခွင့်မပြုနိုင်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က ဆီးရီးယားမှာ ပြည်တွင်းစတင်ဖြစ်ပွားချိန်ကစလို့ အစ္စရေးဟာ ဆီးရီးယားပိုင်နက်ထဲ လေကြောင်းတိုက်ခိုက်မှု ရာပေါင်းများစွာ ဆင်နွှဲခဲ့ပြီး အစိုးရ တည်နေရာတွေအပြင် အီရန်နောက်ခံတဲ့ အင်အားစုတွေနဲ့ ဟဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required