ကျောက်တန်းမြို့နယ်တွင် မလေးရှားသို့ သွားရောက်မည့်ရိုဟင်ဂျာ ၄၈ ဦး ဖမ်းဆီးခံရ

ကျောက်တန်းမြို့နယ်တွင် မလေးရှားသို့ သွားရောက်မည့်ရိုဟင်ဂျာ ၄၈ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက်မည့်ရိုဟင်ဂျာ ၄၈ ဦးသည် ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၆ နာရီက ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံထံက သိရသည်။

ရန်ကုန်မှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရခိုင်ပြည်နယ်မှ စက်လှေဖြင့်စီးနင်းလာကြရာ ကျောက်တန်းမြို့ ၁၀မိုင်အကွာရှိ ဝဲကြီးကျေးရွာနှင့် ပန်းချောင်းကျေးရွာကို ဆက်သွယ်ထားသည့် တံတားအောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အား ကျောက်တန်းမြို့ပေါ်ရှိ COVID စင်တာလုပ်ဖူးသည့် အားကစားခန်းမတွင် ဖမ်းဆီးထားသည်။

ဖမ်းဆီးခံထားရသူ ၄၈ ဦးတွင် အမျိုးသား ကိုးဦး၊ အမျိုးသမီး ၃၇ဦး စက်လှေမောင်းသူ နှစ်ဦးတို့ပါဝင်သည်။ ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ခြောက်ဦးလည်း ပါ၀င်ကြောင်း ဒေသခံထံမှ သိရသည်။

"ရိုဟင်ဂျာတွေပေါ် ဆယ်စုနှစ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်လာခဲ့တဲ့ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အရှိန်အဟုန်မြင့်ပြီး လုပ်လာတွေ့ရတယ်။ ဒီရာဇဝတ်မှုတွေက နိုင်ငံတကာတရာရုံးမှာ ရင်ဆိုင်နေရတဲ့ ပြစ်မှုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အိုင်စီဂျေရဲ့ ကြားကာလအစီအမံအမိန့်ကိုလည်း ပေါ်တင် ကျူးလွန်ရာ ရောက်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ များသောအားဖြင့် ကလေးသူငယ် ၊ အမျိုးသမီးတွေများပြီး စာနာမှုကင်းမဲ့စွာ ထောင်ချတဲ့လုပ်ရပ်က အင်မတန်လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်များ အခွင့်အရေးစာချုပ် CRC ကို လည်း ချိုးဖောက်ရာရောက်ပါတယ် " ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်ကျော််မိုးက မဇ္ဈိမကို ပြောသည်။

NLD အစိုးရလက်ထက်တွင် ယခုကဲ့သို့ ရိုဟင်ဂျာ များကို ဖမ်းမိလျှင် ၎င်းတို့နေထိုင်ရာအရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန်အမိန့်ထုတ်ကာ ပြန်ပို့ခဲ့ခြင်းများ ရှိသော်လည်း စစ်‌ေကာင်စီတပ်က မတရားအာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခံရသူများကို ပြန်ပို့ခြင်းမရှိသည့်အပြင် ၎င်းတို့နှင့်အတူပါလာသည့် ငွေကြေးနှင့် ရွှေများကိုပါသိမ်းယူကာ ထောင်ချအရေးယူခြင်းများ လုပ်ဆောင်လာခဲ့သည်ဟု သိရသည်။

" ဒီလိုလူမဆန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အကျုံးဝင်နိုင်တဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီ က တာဝန်ရှိသူတွေအနေနဲဲ့ နိုင်ငံတကာ တရားစီရင်မှု စနစ်အောက်မှာ တာဝန်ခံကာ ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုခံရမှာဖြစ်ပြီး အချိန်မီ ပြစ်ဒဏ်ပေးအရေးယူနိုင်ရေးအတွက်လည်း ကျနော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ကာယ၊ ဉာဏအားဖြင့် အစွမ်းကုန်ဆောင်ရွက်သွားပါမယ် " ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရွှေပြည်သာတွင်ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ၆၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပြီး အဆိုပါ ၆၂ ယောက်ထဲမှ အသက် ၁၅ နှစ်အောက် လူငယ် ၁၄ ဦးကို ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက်မည့် ရိုဟင်ဂျာ ဦးရေ ၃၀၀ခန့် ကို ဖမ်းဆီးကာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝက ဥပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်အရေးယူခဲ့သည်ဟု သိရသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာမေားကိုလူမျိုးတုန်း သတ်ဖြတ်မှုနှင့် တရားစွဲဆိုထားမှုကို လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမှု ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly