အမ်းမြို့တွင် စစ်ကောင်စီတပ် ခမရ ၃၇၃တပ်ရင်းက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

အမ်းမြို့တွင် စစ်ကောင်စီတပ် ခမရ ၃၇၃တပ်ရင်းက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၃ တပ်ရင်းမှ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀နာရီကျော်ခန့်တွင် လက်နက်ကြီးများဖြင့် အနီးတစ်ဝိုက် ပစ်ခတ်နေကြောင်း အမ်းဒေသခံများကပြောသည်။

ခမရ ၃၇၃ တပ်ရင်းအနီး ရွာသာယာကျေးရွာ၏ အနောက်ဖက်တောင်တန်းများဘက်သို့ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ တစ်ဖက်သတ်ပစ်ခတ်နေခြင်းဖြစ်သည် ဟုဆိုသည်။

“ပစ်နေတာ တစ်နာရီကျော်လောက်ရှိပြီ။ လက်ရှိပစ်တာ လက်နက်ကြီးပစ်တာ ၁၀လုံးကျော်သွားပြီ။ အဲ့ဒီ ခမရ ၃၇၃ တပ်နဲ့ အနီးမှာ ရွာသာယာကျေးရွာရှိတယ်။ ရွာသာယာရဲ့ အနောက်ဖက်မှာရှိတဲ့တောင်တန်းတွေကို ရမ်းသန်းပစ်နေတာပါ။ သူတို့က တစ်ဖက်သတ်လှမ်းပစ်နေတာ အပြန်အလှန်ပစ်နေတာမဟုတ်ဘူး” ဟု အမ်းမြို့ခံတစ်ဦးကပြောသည်။

လက်ရှိပစ်ခတ်နေသည့်နေရာ အနီးတစ်ဝိုက်ကျေးရွာများက ဒေသခံများမှာ စိုးရိမ်နေကြကြောင်း သတင်းပေးပို့လာသည်။

လက်ရှိမောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားနေ၍ အမ်းမြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဆိုသည်။

ပစ်ခတ်နေသည့် ခမရ ၃၇၃ တပ်ရင်းအနီး ရွာသာယာကျေးရွာသားများမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စိုးရိမ်နေကြောင်းကို အမ်းဒေသခံကိုမျိုးလွင်က မဇ္ဈိမကိုပြောပြသည်။

“ကျေးရွာသားတွေအပြင်တောင်မထွက်ရဲကြဘူး။ နောက်ပြီး အဝေးကလှမ်းပြီးပစ်နေတာကြောင့် တခြားကျေးရွာတွေကလည်း စိုးရိမ်နေကြတယ်။ ရွာသာယာကျေးရွာသားတွေကို ဖုန်းဆက်မေးတာ တောင် အဆင်မပြေဘူး သူတို့အရမ်းကြောက်နေကြတာပါ။”ဟု ကိုမျိုးလွင်က ပြောပြသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required