အငြင်းပွားကျွန်းများပေါ် တည်ဆောက်ရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု တရုတ်ဖိတ်ခေါ်မည်

အငြင်းပွားကျွန်းများပေါ် တည်ဆောက်ရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု တရုတ်ဖိတ်ခေါ်မည်

ပေကျင်း၊ ဇန်နဝါရီ ၁၅ ။          ။ အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်က ၎င်းထိန်းချုပ်ထားသော ကျွန်းများပေါ် အခြေခံအဆောက်အအုံတည်ဆောက်ရာတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်မည်ဖြစ်ပြီး ယခုနှစ်မှစ၍ ကျွန်းတစ်ခုသို့ ပုံမှန်လေယာဉ်ပျံသန်းမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အစီရင်ခံလိုက်ရာ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများအတွက်   ဒေါသထွက်စရာဖြစ်လာနိုင်သည်။

တောင်တရုတ်ပင်လယ်၏ စွမ်းအင်ကြွယ်ဝသော ရေပြင်တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းတို့ပိုင်သည်ဟု ပြောကြားထားသည်။ ဒေါ်လာ ငါးထရီလီယံတန်ဘိုးရှိ ကုန်သွယ်မှုကို နှစ်စဉ်   တောင်တရုတ်ပင်လယ်ကို ဖြတ်လျက် လုပ်ဆောင်လျက်ရှိသည်။

ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်မှုအငြင်းပွားနေသည်။ ၂၀၁၂က ပါရာဆဲလ်ကျွန်းများရှိ ဝူးဒီကျွန်းကို အခြေပြုကာ တရုတ်တို့က ၎င်းတို့အခေါ် ဆန်ရှားမြို့ကို တည်ထောင်ခဲ့သည်။

ယင်းကို မြို့ကြီးတစ်မြို့အဖြစ်တရုတ်က ခေါ်နေသော်လည်း အမြဲတမ်းလူဦးရေမှာ ထောင်ဂဏန်းအနည်းငယ်ထက်မပိုပေ။ အငြင်းပွားကျွန်းအများအပြားမှာ လူမနေကြပေ။ ဆန်ရှား ဒု-မြို့တော်ဝန်က ဖုန်းဝန်ဟယ်က ၎င်းတို့အနေဖြင့် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်မည်ဖြစ်ပြီး အစိုးရ-ပုဂ္ဂလိကဖက်စပ်အစီအစဉ်များ စတင်မည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်ဟွာက အစီရင်ခံခဲ့သည်။

ဆန်ရှာမြို့တွင် ပင်လယ်ရေးကြောင်းဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးစင်တာတစ်ခု တည်ဆောက်ရေးကို ရှေ့တိုးဆောင်ရွက်လျက်ပြီး ရေအောက်အလင်းမျှင်ကေဘယ်ကြိုးများ ယခုနှစ်တွင် တပ်ဆင်အသုံးပြုမည်ဖြစ်သည့်အပြင် လူနေသောကျွန်းများအတွက်လည်း ဝိုင်ဖိုင်များထားရှိပေးမည်ဖြစ်ကြောင်း ဖုန်က ပြောသည်။

ဝူးဒီကျွန်းပေါ်ရှိ လေဆိပ်ကိုလည်း ယခုနှစ်တွင် ပုံမှန်ပျံသန်းမှုများ စတင်ပြုလုပ်မည်ဟု အကျယ်မချဲ့ဘဲ ဖုန်ကပြောကြားခဲ့သည်။ ၁၉၇၄ခုနှစ်က ဗီယက်နမ်နှင့် ရေတပ်တိုက်ပွဲဖြစ်ပွားပြီးနောက် ပါရာဆဲလ်ကျွန်းများက တရုတ်က အပြည့်အဝထိန်းချုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly