ရေနစ်သေဆုံးခဲ့သည့် ဆီးရီးယားကလေးငယ်ပုံ ချာလီဟက်ဘဒိုကာတွန်းကြောင့် မကျေနပ်မှုများ ထွက်ပေါ်

ရေနစ်သေဆုံးခဲ့သည့် ဆီးရီးယားကလေးငယ်ပုံ ချာလီဟက်ဘဒိုကာတွန်းကြောင့် မကျေနပ်မှုများ ထွက်ပေါ်

ပါရီ၊ ဇန်နဝါရီ-၁၅ ။           ။ ယမန်နှစ်က တူရကီကမ်းခြေတွင် သေဆုံးလျှက်သား တွေ့ခဲ့ကြရသည့် သုံးနှစ်သား ဆီးရီးယားကလေးငယ်မှာ အသက်ရှင်နေပါက လိင်အကြမ်းဖက်သူအဖြစ် ကြီးပြင်းလာခဲ့ဖွယ်ရာရှိသည်ဟု မှတ်ချက်ပေးထားသည့် ပြင်သစ်အပတ်စဉ် ဟာသမဂ္ဂဇင်း ချာလီ ဘက်ဘဒိုမှ ကာတွန်းတစ်ခုကြောင့် ဇန်နဝါရီလ ၁၄ရက်နေ့က အွန်လိုင်းတွင် လှုပ်လှုပ်ရှားရှားနှင့် ဒေါသထွက်ကုန်ကြသည်။

ကာတွန်းက ယောကျ်ားလေးနှစ်ယောက်က ကြောက်လန့်နေသည့် မိန်းမများနောက်သို့ ပြေးလိုက်နေပုံ ဆွဲထားပြီး အောက်တွင် အလန်ကလေး ကြီးပြင်းလာရင် ဘယ်လိုဖြစ်မလဲ။ ဂျာမနီမှာ လိင်သူခိုးတစ်ယောက်လားဟု ပုံစာရေးထားထားသည်။  

နှစ်သစ်ကူးအကြိုကာလတွင် ဂျာမန်မြို့ကြီးများ၌ အမျိုးသမီးများကို လိင်စော်ကားမှုများ ဖြစ်ပွားခဲ့ရာ အတော်များများက ရွှေ့ပြောင်းအခြေချများကို အပြစ်တင်ကြသောကြောင့် ဂျာမန်အဓိပတိ အိန်ဂျလာ မာကဲ၏ ဒုက္ခသည်ပေါ်လစီများအပေါ်တွင် သက်ရောက်ဖိစီးလာခဲ့သည်။ ဒုက္ခသည်များမှာ အခြားနိုင်ငံများထက် ဂျာမနီသို့ ပိုမိုစီးဝင်လာခဲ့ရာ ယခုဆိုလျှင် ဒုက္ခသည် တစ်သန်းကျော် ရှိသွားခဲ့ပြီ ဖြစ်သည်။

ယမန်နှစ် ဇန်နဝါရီလက လူ၁၂ဦး သေဆုံးခဲ့ရဝသည့် ချာလီ ဟက်ဘဒိုရုံးများကို တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ပြီး ရက်သတ္တတစ်ပတ်အကြာတွင် ကာတွန်းကို ပုံနှိပ်ထုတ်ဝေခဲ့ခြင်းပင်ဖြစ်သည်။ ‘ကျွန်ုပ်သည် ချာလီ (Je suis Charlie)’ဟူသော စကားစုမှာ အွန်လိုင်းတွင် တခဏချင်းပင် ရေပန်းစား လူသုံးများလာခဲ့သည်။

ယခုအကြိမ်တွင်မူ အချို့က ချာလီဟက်ဘဒိုမှာ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းအပေါ် ဥရောပ၏ သဘောထားများကို အခြေအတင် ငြင်းခုန်လာအောင် ဖွပေးသည့် လေသံကို သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း စောဒကတက်ကြသော်လည်း လူမှုမီဒီယာမှ အတော်များများကမူ ကာတွန်းမှာ စော်ကားပုတ်ခက်လွန်းသည်ဟု ယူဆနေကြသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက တူရကီကမ်းခြေတွင် မှောက်လျက်သား ရေနစ်သေဆုံးနေသည့် ကလေးငယ်အလန်၏ ပုံရိပ်များမှာ ကမ္ဘာနှင့်အဝန်းသို့ ပျံ့နှံ့သွားခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် စစ်နှင့် အငတ်ဘေးဒဏ်ကို ရှောင်ပြေးနေကြရသည့် ဒုက္ခသည်များ၏ သောကကို တိုး၍စာနာလာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly