ကိုလံဘီယာမှာ မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

ကိုလံဘီယာမှာ မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ
Photo - AFP

ဖေဖော်ဝါရီ ၉

ကိုလံဘီယာနိုင်ငံမှာ ယမန်နေ့ ဖေဖေါ်ဝါရီ ၈ ရက်က မိုးကြီးပြီးနောက် မြေပြိုမှုတစ်ခု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယင်းနိုင်ငံရဲ့ အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက ပြောပါတယ်။

နိုင်ငံ အနောက်အလယ်ပိုင်း ရစ်ဆာရယ်လ်ဒါ ပြည်နယ်မှာ မနက်အစောပိုင်း မိုးကြီးပြီးနောက် တောင်ကုန်းတစ်ခုကနေ မြေပြိုမှုတစ်ခု ဖြစ်ခဲ့ရာမှာ ဆင်းရဲနွမ်းပါးတဲ့ ဒေါ့စ်ကွီဘရာဒက်စ် အရပ်မှာ နေအိမ်အချို့ ဖုံးလွှမ်းခံလိုက်ရတာဖြစ်ပါတယ်။

“ဒီ မြေပြိုမှုကြောင့် သေဆုံးသူ ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၃၄ ဦး ရှိခဲ့ပါတယ်” လို့ ဒေသအရာရှိတစ်ဦးဖြစ်တဲ့ ကားလို့စ် မာယာက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရွှံ့မြေတွေကို တူးရင်း အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေခဲ့ကြကြောင်း အန္တရာယ် အခြေအနေနဲ့ ဘေးဒုက္ခဆိုး စီမံခန့်ခွဲမှု ဌာနက ပြောပါတယ်။

“အင်မတန် ကျယ်လောင်တဲ့ အသံတစ်ခု ကြားခဲ့ချိန် ကျွန်တော်တို့ အလန့်တကြားနဲ့ အပြင်ထွက်ကြည့်တော့ နေအိမ်တွေအပေါ် တောင်ပေါ်က မြေတွေ ပြိုကျတာကို တွေ့ခဲ့ရပါတယ်” လို့ တက္ကစီမောင်းသမားတစ်ဦးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဒူဘာနီ ဟာနန်ဒက်စ်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

“ကျွန်တော် အဲဒီနေရာကို သွားခဲ့တယ်၊ ဒါက ဘေးဒုက္ခဆိုးတစ်ခုပါပဲ၊ လူတွေလည်း ပိတ်မိနေခဲ့တယ်လေ” လို့ ၎င်းက ပြောခဲ့ပါတယ်။

၎င်းဟာလည်း မြေကြီးတွေကို တူးရင်း အလောင်းနှစ်လောင်းနဲ့  အသက်ရှင်ကျန်ရစ်သူတစ်ဦးတို့ကို ကူညီထုတ်ပေးခဲ့ရကြောင်း ပြောပါတယ်။ မြေပြိုမှုအောက်မှာ အနည်းဆုံး အိမ်ငါးလုံး ပိမိဖုံးလွှမ်းခံလိုက်ရတယ်လို့ ၎င်းက ပြောပါတယ်။

နောက်ထပ် မြေပြိုမှုတွေ ထပ်ဖြစ်လာမယ်ဆိုရင် အနီးအနားရှိ အိုတွန် မြစ်ကို တမံတုတ်သလို ဖြစ်သွားနိုင်မှာနဲ့ လက်ရှိဘေးဒုက္ခကို ပိုဆိုးသွားစေမှာကို စိုးရိမ်ပူပန်နေရကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly