ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံတွင်းသို့ တောလမ်းကနေ မောင်းခရိုင်၊ သွန်ဖာဖမ်းခရိုင်နှင့် ဆိုင်ယော့ခရိုင်အတွင်း တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာအလုပ်ရှာသူ ၁၁၀ ဦးကို ဆူရာစီ လုပ်ငန်းစဉ်တပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က ဖမ်းဆီးရမိသည်။
တနင်္လာနေ့တွင် အလုပ်ရှာဖွေသူ အုပ်စုနှစ်စုကို ဖမ်းဆီးရမိသည်။ ပထမအုပ်စုမှာ လူ ၃၅ ဦးပါဝင်ပြီး မူး ၂ ကျေးရွာမှ ညနေ ၅ နာရီ ၅ မိနစ်တွင် ဖမ်းဆီးမိခြင်းဖြစ်ကာ ကျန် ၁၉ ဦးပါ အုပ်စုကို မူး ၁၂ ကျေးရွာအနီး ညနေ ၆ နာရီတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
အင်္ဂါနေ့၌ နယ်စပ်ဖြတ်ကျော်လာသည် ၁၇ ဦးကို မူး ၂ ကျေးရွာအနီး နံနက် ၅ နာရီ ၃၅ မိနစ်တွင် ဖမ်းဆီးရမိသည်။
ခုနစ်နာရီခွဲ အချိန်ခန့်၌ မူး ၁ ကျေးရွာအနီး ၂၅ ဦးပါ အုပ်စုကို ဖမ်းဆီးရမိကာ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် လေးဦးပါ နောက်ထပ်အုပ်စုကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ထို ဖမ်းဆီးရမိမှုများအရ အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၃၅ ဦးတို့ပါ အလုပ်ရှာဖွေသူ ၁၁၀ ဦးကို တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ဖမ်းဆီးရမိခြင်းပင် ဖြစ်သည်။
၎င်းတို့သည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်မြို့နယ်များမှ ဖြစ်ကြပြီး စမွတ်စခွန်၊ ရာယောင်း၊ ကန်ချာနာဘူရီနှင့် ဘန်ကောက်တို့တွင် အလုပ်နေရာများသို့ သွားရောက်ရန် ဦးတည်လာကြခြင်း ဖြစ်သည်။
အချို့သောသူများက ပွဲစားများအား တစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ပေးခဲ့ရပြီး အချို့မှာ အလုပ်ရောက်ရှိသည့်အခါ ပေးကြရမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်းကို ၎င်းတို့ အားလုံးက ဝန်ခံကြသည်။ ၎င်းတို့ကို မောင်း၊ သွန်ဖာဖမ်းနှင့် ဆိုင်ယော့ရှိ ရဲစခန်းများသို့ ဥပဒေအတိုင်း အရေးယူရန် ပေးပို့ခဲ့ပြီး နေရပ်နှင်မည် ဖြစ်သည်။