ဇနီးနှင့် ကွဲကွာနေသူ နောက်အိမ်ထောင်ပြု၍ တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်

ဇနီးနှင့် ကွဲကွာနေသူ နောက်အိမ်ထောင်ပြု၍ တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်

မုံရွာ၊ ဇန်နဝါရီ ၁၅။        ။ ဇနီးဖြစ်သူနှင့် ကွဲကွာနေပြီး နောက်အိမ်ထောင်ပြုသူ အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့် ဇန်နဝါရီ ၁၄ရက်က ကန့်ဘလူမြို့မ ရဲစခန်းတွင် တိုင်တန်းခံရသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ကန့်ဘလူမြို့နယ်၊ အောက်တဲအုပ်စု၊ သတ္တောကျေးရွာနေ ဦးချစ်ကိုကို(၂၇) နှစ် ဆိုသူသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်နေ အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာ မယားကြီးဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဦးချစ်ကိုကိုသည် တစ်မြို့နယ်တည်းနေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တရားဝင် ပေါင်းသင်းနေထိုင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်၊ မေလအတွင်း စကားများကာ ကွဲကွာနေကြကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် အဆိုပါ အမျိုးသမီးမှာ မိဘများနေအိမ်တွင် သွားရောက်နေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် တရားဝင် ကွာရှင်းရခြင်း မရှိသေးကြောင်း၊ ၎င်း၏ ခင်ပွန်းမှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ခင်ဦးမြို့နယ်နေ အမျိုးသမီး တစ်ဦးနှင့် ထပ်မံပေါင်းသင်းနေထိုင်ခဲ့ကြောင်း တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် တရားဝင် ဇနီးရှိလျက်၊ နောက်အိမ်ထောင်ပြုကာ ပေါင်းသင်း နေထိုင်သူ ဦးချစ်ကိုကိုအား သက်ဆိုင်ရာ ကန့်ဘလူမြို့မရဲစခန်း (ပ)၁၂/၂၀၁၆၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ခဲ့ ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly