နယူးဇီလန် လွှတ်တော်နား COVID-19 စည်းမျဉ်းကို ဆန္ဒပြတဲ့ ယာဉ်တန်း ပိတ်ဆို့ 

နယူးဇီလန် လွှတ်တော်နား COVID-19 စည်းမျဉ်းကို ဆန္ဒပြတဲ့ ယာဉ်တန်း ပိတ်ဆို့ 
Photo - AFP

ဖေဖော်ဝါရီ ၈

နယူးဇီလန်နိုင်ငံမှာ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ ကာကွယ်ဆေးထိုးနှံရေးကို ကန့်ကွက်ဆန့်ကျင်ပြီး ထရပ်ကားတွေနဲ့ ဗင်ကားတွေနဲ့ ဆန္ဒပြကြတဲ့ ယာဉ်တန်းဟာ ဝယ်လင်တန်မြို့ လွှတ်တော်အဆာက်အအုံနားက လမ်းတွေမှာ ပိတ်ဆို့လို့ နေပါတယ်။ 

ကနေဒါမှာ ခုလိုပဲ COVID-19 စည်းမျဉ်းတွေကို ကန့်ကွက်ပြီး ထရပ်ကားမောင်းသမားတွေ ထရပ်ကားယာဉ်တန်းနဲ့ ဆန္ဒပြကြတာကို စိတ်ကူးယူပြီး နယူးဇီလန်မှာလည်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။ 

“ငါတို့ လွတ်လပ်ခွင့် ငါတို့ ပြန်ပေး”၊ “နိုင်ထက်စီးနင်း ပြုကျင့်တာက သဘောတူလိုက်လျောမှု မဟုတ်” စတဲ့ စာသားတွေ ရေးသားဖော်ပြကြတာနဲ့အတူ ရာပေါင်းများစွာသော ကားတွေဟာ The Beehive လို့ သိထားကြတဲ့ လွှတ်တော်အဆောက်အအုံ ပတ်လည်က လမ်းတွေမှာ ရပ်ထားကြတာ ဖြစ်ပါတယ်။ 

မြို့လယ်မှာလည်း ကားရာပေါင်းများစွာဟာ ဟွန်းတွေ တီးရင်း မောင်းနှင်နေကြသလို ခြေလျင်သွားလာကြတဲ့ ၁၀၀၀ ကျော်ထက်မနည်းဟာလည်း ဆန္ဒပြမိန့်ခွန်းတွေကို နားထောင်ကြပါတယ်။ 

ကိုယ်ပိုင်အခွင့်အရေး ထိပါးခံရတယ်လို့ စိုးရိမ်ပူပန်မှုကို အစိုးရက နားထောင်ခြင်းမရှိဘူးလို့ ဆန္ဒပြသူတွေက ခံစားကြရတာဖြစ်တယ်လို့ ဝယ်လင်တန်မြို့ခံ စတုမိန်းက ဆိုပါတယ်။ 

“ကျွန်တော်က အမှန်တော့ ကာကွယ်ဆေး ထိုးပြီးသားပါ၊ ဒါပေမဲ့ ပြည်သူတွေ မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ်ဆိုတာမျိုးကိုတော့ ကျွန်တော် ကန့်ကွက်တယ်”ဆိုပြီး သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကာကွယ်ဆေး မထိုးလိုတဲ့သူတွေကို အတင်းအကျပ် ထိုးစေတာမျိုးဟာ နှစ်မြို့စရာတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”လို့ သူက ဆိုပါတယ်။ 

ရဲတွေအနေနဲ့ ဖမ်းဆီးတာမျိုး မရှိသလို မတော်တဆမှုတွေလည်း ဖြစ်ပွားပေါ်ပေါက်ခြင်းမရှိတဲ့ အခု ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းစွာပဲ ရှိနေသေးဆဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်ဖြစ်သူ ဂျာစင်ဒါ အာဒန်က ကာတွေနဲ့ ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိကြောင်း ပြောပြီး နယူးဇီလန် ပြည်သူတော်တော်များများကတော့ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ထောက်ခံကြောင်း ပြသကြတယ်လို့ ဆိုပါတယ်။ 

နယူးဇီလန်မှာ ကျန်းမာရေး၊ တရားဥပဒေရေးရာ၊ ပညာရေးနဲ့ ကာကွယ်ရေးတို့လို အဓိက ကဏ္ဍတွေမှာ အလုပ်လုပ်ကိုင်သူတွေအနေနဲ့ COVID-19 ကာကွယ်ဆေး မထိုးမနေရ ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly