စစ်ကောင်စီ ယာဉ်တန်းကို မိုင်း ၄ ကြိမ်ဆွဲခဲ့ပြီး ၁၇ ဦး သေဆုံးဟု PDF-Kalay ထုတ်ပြန်

By ပါခွီး
08 February 2022
စစ်ကောင်စီ ယာဉ်တန်းကို မိုင်း ၄ ကြိမ်ဆွဲခဲ့ပြီး ၁၇ ဦး သေဆုံးဟု PDF-Kalay ထုတ်ပြန်

ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အတွင်း ရန်ကြီးအောင်ရွာမှ ကလေးမြို့သို့ လာသော ကား ခြောက်စီးပါ စစ်ယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် မိုင်း လေးကြိမ်ဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးသွားကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး)( PDF Kalay )၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (ကလေး၊ ကဘော်၊ဂန့်ဂေါ်) (CDF - KKG)၊ Ranger Kalay Defend Force တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့များက စစ်ယာဉ်တန်းကို အောင်ချမ်းသာရွာနှင့် ချောင်းခွရွာ အကြား၌ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စတင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ကိုးဦး သေဆုံးသည်ဟု ဆိုထားသည်။ ယင်းတိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦး လက်နက်ကြီးမှန် ကျဆုံးခဲ့ပြီး ငါးဦး မပြင်းထန်သောဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ခိုက်မှု အပြီး ဆက်လက်ထွက်ခွာလာသော စစ်ယာဉ်တန်းကို နတ်မြောင်းရွာ နှင့် သာစည်ရွာ အကြား၌ နေ့လယ်၂ နာရီ ၃၀ မိနစ်တွင် နှစ်ကြိမ် မိုင်းခွဲခဲ့ပြီး စည်သာနှင့် ကြာအင်းရွာ အကြားတွင် တစ်ကြိမ် ထပ်မံ မိုင်းခွဲခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

စစ်ယာဉ်တန်းသည် ၎င်းတို့၏ ကားတစ်စီးကို စည်သာရွာ အနားတွင် ထားခဲ့ကာ ဆက်လက် ထွက်ခွာ သွားပြီး ထောက်ကြန့်ရွာသို့ ညနေ ၇ နာရီတွင် ရောက်ရှိကြောင်းနှင့် ဆက်လက် မထွက်ခွာနိုင်သေးဟု ဆိုထားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း ကလေးမြို့နယ် ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာ အကြား အင်အား ၆၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို PDF-Kalay က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ကလေးမြို့တောင်ပိုင်း ကြံသာနှင့် ဟံသာဝတီရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနီးနား ရှိသော တင်သား၊ အောင်မင်္ဂလာ၊ မှန်တော၊ ရှားဖိုနှင့် ကျောက်ဖူးရွာများရှိ အိမ်ခြေ ၃၀၀၀ ကျော်မှ ပြည်သူများ ထွက်ပြေးနေရပြီး အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly