ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်သူ လူသတ်သမားကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ် စုံစမ်းအရေးယူမည်

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်ဖြင့်ပစ်သတ်သူ လူသတ်သမားကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ် စုံစမ်းအရေးယူမည်

ဖေဖော်ဝါရီ ၇

ပဲခူးမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်သတ်သွားသည့်အမှုနှင့်ပတ်သက်၍ လူသတ်သမားကိုစုံစမ်းအရေးယူသွားမည်ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်က ကြေညာလိုက်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က နန်းတော်ရာရပ်ကွက် ဆံတော်တွင်းလမ်းမတန်း အင်းဝင် (၁၀) လမ်းထိပ်အနီးရှိ Htun ပင်လယ်စာအစိမ်း/ထုံချိုင်းစားဖွယ်စုံဆိုင်ပိုင်ရှင် အသက် ၂၃ နှစ်အရွယ် မချစ်ချစ်ထွန်းမှာ သူ၏ဆိုင်ထဲတွင် အသတ်ခံခဲ့ရသည်။။

“ အသတ်မခံရခင် သုံးလလောက်က Facebook အကောင့်တစ်ခုကနေပြီးတော့ အဲ့ကောင်မလေးကို ဒလန်လို့စွပ်စွဲရေးသားထားတာတွေ့တယ်။ ကျနော်တို့သိထားသလောက်က သူကဒလန်မဟုတ်ပါဘူး။ သူ့ကို ဘယ်သူပဲ သတ်သတ်ကျနော်တို့က ဖော်ထုတ်အရေးယူသွားမှာပါ။ အခုအပြင်မှာ ပျံ့နေတာက PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေက သတ်ဖြတ်တယ်လို့ ပုံစံပြောဆိုနေကြတယ်ဗျ။ ဒါကလည်း PDFတွေကို ပုံဖျက်ချင်တဲ့သဘောလုပ်ဆောင်နေတယ်လို့ ကျနော်မြင်တယ်။" ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မချစ်ချစ်ထွန်း၏ကိုယ်ဝန်မှာ မွေးဖွားရန်နီးနေပြီး ရုပ်အလောင်း၏ ဘယ်ဘက်ရင်အုံတွင် သေနတ်ဒဏ်ရာတစ်ခု၊ ထိုးသွင်းဒဏ်ရာတစ်ခုနှင့် မျက်နှာတွင် ညိုမဲပွန်းပဲ့ဒဏ်ရာများတွေ့ရှိခဲ့သည်ဟု လိုက်ပါကူညီခဲ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ညမိုးချုပ်၍ ဆိုင်ပိတ်ပြီးချိန်တွင် အသက် ၂၀ ကျော်အရွယ်ဟု ခန့်မှန်းရသော အမျိုးသားတစ်ဦးဆိုင်ကယ်ဖြင့်ရောက်လာကာ အချင်းများကြပြီးနောက် သေနတ်သံကြားခဲ့ရသည်ဟု ထို့နေ့ကအဖြစ်အပျက်နှင့်ပတ်သက်၍ အမည်မဖော်လိုသူဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ပင်လယ်စာအရောင်းဆိုင်နေရာမှာ ငှားရမ်းထားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားစဉ်က ဆိုင်အတွင်း မချစ်ချစ်ထွန်းတစ်ဦးတည်းရှိနေခဲ့သလို လအတန်ကြာ တစ်ယောက်တည်းနေသူတစ်ဦးဟု ဒေသခံများကပြောသည်။

မချစ်ချစ်ထွန်းနှင့် အဖော်အမျိုးသားတစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆိုင်ခန်းငှားရမ်းနေထိုင်ခဲ့ကြပြီး လအနည်းငယ်အကြာတွင် မသင့်မမြတ်ဖြစ်ကာ အမျိုးသားထွက်သွားခဲ့သည်ဟုဆိုသည်။

လူသတ်မှုနှင့်ပတ်သက်၍ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစိစစ်လျက်ရှိပြီး မှတ်တမ်းများ စုဆောင်းလျက်ရှိကာ ရရှိလာသောမှတ်တမ်းများနှင့် ပြည်သူများ၏လုံခြုံရေးကို ဖောက်ဖျက်ကျူးလွန်သူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား သက်ဆိုင်ရာတာဝန်ရှိသူများသို့ ပေးပို့သွားပြီး အရေးယူမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

" ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူတွေကို ဒီတော်လှန်ရေးကြီးပြီးသွားရင် တရားဥပဒေနဲ့ အညီအရေးယူသွားမှာပါ” ဟု ပဲခူးပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောသည်။

ပဲခူးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်အပြင် အခြားသော ကာကွယ်ရေးတပ်ဖွဲ့များလည်းရှိနေရာ အနည်းဆုံး ငါးဖွဲ့ရှိမည်ဟု ခန့်မှန်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly