မော်ရိုကိုမှာ ပေ ၁၀၀ အနက်ရှိတဲ့ တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ ကလေးငယ်ကို သေဆုံးလျက် ပြန်တွေ့

မော်ရိုကိုမှာ ပေ ၁၀၀ အနက်ရှိတဲ့ တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ ကလေးငယ်ကို သေဆုံးလျက် ပြန်တွေ့
Photo - AFP

ဖေဖော်ဝါရီ ၆

မော်ရိုကိုနိုင်ငံမှာ ပေ ၁၀၀ ခန့် အနက်ရှိတဲ့ တွင်းတစ်ခုထဲ ပြုတ်ကျပိတ်မိနေခဲ့တဲ့ အသက် ငါးနှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ယခုအခါမှာ ကယ်ဆယ်ရေးသမားတွေက သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက တွင်းထဲ ပြုတ်ကျသွားတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ အပြင်းအထန် ကြိုးစားခဲ့ကြပေမယ့် ငါးရက်မြောက်နေ့ အရောက်မှာတော့ ကလေးငယ်ကို တွင်းရဲ့ အောက်ခြေမှာ သေဆုံးလျက် တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

“ရေယန် အိုရမ် အမည်ရ ကလေးငယ် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီ ဝမ်းနည်းဖွယ် မတော်တဆမှုဖြစ်ပြီးနောက် မော်ရိုကိုဘုရင် ဆဌမမြောက် မိုဟာမက်က ကလေးငယ်ရဲ့ မိဘတွေကို အားပေးဖို့ ခေါ်ထားပါတယ်” ဟု တော်ဝင်နန်းတော်က ထုတ်ပြန်ပါတယ်။

အနက် ၃၂ မီတာ (ပေ ၁၀၀) ခန့် ရှိ တွင်းထဲကနေ ရေယန်ကို ကယ်ထုတ်ဖို့ ရက်တွေနဲ့ကြာ လုပ်ဆောင်ခဲ့စဉ်အတွင်း ကလေးငယ် သေသလား၊ ရှင်သလား မသိနိုင်ဘူးဆိုပြီး အာဏာပိုင်တွေက ကနဦးကတည်းက သတိပေးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ကလေးငယ် သေဆုံးပြီ ဆိုတဲ့ သတင်းကြောင့် နိုင်ငံမြောက်ပိုင်း ရစ်ဖ် တောင်တန်းပေါ်ရှိ ၎င်းတို့ နေအိမ်ရှိရာ အီဂရိန်း ကျေးရွာမှာ ဝမ်းနည်းညှိုးငယ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ယင်းနေရာမှာတော့ ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေဟာ မိသားစုနဲ့အတူ တသားတည်းရှိကြောင်း ပြသဖို့အတွက် ယခုအပတ်အတွင်း လာရောက်စုဝေးရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ကလေးငယ် ကျသွားတဲ့ တွင်းအနီးမှာ တူးဖော်မှုတွေ လုပ်နေခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေဟာ အတားအဆီးတွေကို ဖောက်ဖျက်ပြီး ကလေးငယ် ပိတ်မိနေတဲ့ နေရာကို ရောက်ရှိသွားခဲ့ချိန်မှာတော့ ကလေးငယ်ကို သေဆုံးလျက်သာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly