တရုတ်တွင် ရင်းနှီးမြုပ်နှံမှု မပြုရန် ဘီလျံနာ ဂျော့ဆိုးရော့စ်က သတိပေး

တရုတ်တွင် ရင်းနှီးမြုပ်နှံမှု မပြုရန် ဘီလျံနာ ဂျော့ဆိုးရော့စ်က သတိပေး

စုပေါင်းရင်းနှီးမြှုပ်နှံမှုဘီလျံနာသူဋ္ဌေးဂျော့ဆိုးရော့စ်က အိမ်ခြံမြေအရောင်းအဝယ်ကျဆင်းမှုကို မျက်မြင်တွေ့နေရသည့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုရန် သတိပေးလိုက်ပြီး အရှိန်အဟုန် မြင့်လာမှုကို တားဆီးရန်ဖော်ဆောင်ထားသော အစိုးရမူဝါဒများကြောင့်ကြွေးမြီများဆပ်ရန် အခက်အခဲ ရှိနေသည့် Evergrande ကို ဥပမာပေး၍ ကိုးကားပြခဲ့သည်။

အိမ်ခြံမြေလောကသည် ပြီးခဲ့သည့်နှစ်က အုန်းအုန်းကျွက်ကျွက်အောင်မြင်ပြီးနောက် တရုတ်နိုင်ငံသည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ရင်းနှီးမြှုပ်နှံသူ ဆိုးရော့စ်ကပြောသည်ဟုCNN က ဖော်ပြခဲ့သည်။

မြေယာနှင့် တိုက်ခန်းဈေးနှုန်းများ ကျဆင်းကာ ကုမ္ပဏီများအနေဖြင့် အကြွေးဆပ်ရန် ပျက်ကွက်မှုများဆက်တိုက် ကြုံတွေ့နေရသည့် ဒုက္ခရောက်နေသော လုပ်ငန်းနယ်ပယ်တွင်သမ္မတ ရှီကျင့်ဖျင်သည် ယုံကြည်မှု ပြန်လည်မရယူနိုင်တော့ကြောင်း ဆိုးရော့စ်က ဇန်နဝါရီ ၃၁ ရက်တွင် စတန်းဖို့ဒ်တက္ကသိုလ် ဟူးဗားအင်စတီကျု့၌ မိန့်ခွန်းပြောခဲ့သည်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေတိုးတက်မှုသည် ဒေသန္တရအစိုးရများကို အကျိုးပြုပြီး ပြည်သူများအား အိမ်ခြံမြေတွင် စုဆောင်းငွေအများအပြားကို ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးသည့် ရေရှည် မတည်တံ့နိုင်သောပုံစံကို အခြေခံထားသည်ဟု ဆိုးရော့စ်က ပြောကြားခဲ့သည်။

ထို့ပြင် Open Society Foundations ၏ အထင်ကရရင်းနှီးမြုပ်နှံသူလည်းဖြစ် ဥက္ကဋ္ဌလည်းဖြစ်သည့် ဆိုးရော့စ်က ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီBlackRock သည် တရုတ်နိုင်ငံတွင် စီးပွားရေးပိုမိုလုပ်ဆောင်ခြင်းဖြင့် ဝမ်းနည်းဖွယ်အမှား ကို ကျူးလွန်နေသည်ဟု စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ စောင့်ကြည့်ရေးမူဝါဒများနှင့် ပုဂ္ဂလိကလုပ်ငန်းများအပေါ် ဖြိုခွင်းမှုကိုလည်း ဆိုးရော့စ်က ဝေဖန်ပြစ်တင်ခဲ့သည်။

တရုတ်နိုင်ငံ၏စီးပွားရေးသည် ယမန်နှစ်က ၈ ဒသမ ၁ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ၂၀၂၁ခုနှစ်အိမ်ခြံမြေအကျပ်အတည်း၊ COVID အသစ်ဖြစ်ပွားမှုနှင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် တရုတ်၏ တင်းကျပ်သော နည်းလမ်းများက ဆုံးရှုံးမှုကို ဖြစ်ပေါ်စေကြောင်း နောက်ဆုံးလများတွင်တိုးတက်မှုအားနည်းလာသည့်အချက်များက ညွှန်ပြနေသည်။

တရုတ်၏စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ခုနှစ်တွင် ၄ ဒသမ ၈ရာခိုင်နှုန်းအထိကျဆင်းကာ သိသိသာသာ နှေးကွေးမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly