အရေးကြီးသော နည်းပညာတွင် ၂၀၂၅ ခုနှစ် မတိုင်မီ ဖူလုံမှုရှိအောင်လုပ်ဆောင်မည့် တရုတ်၏ စွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

By Big News Network
06 February 2022
အရေးကြီးသော နည်းပညာတွင် ၂၀၂၅ ခုနှစ် မတိုင်မီ ဖူလုံမှုရှိအောင်လုပ်ဆောင်မည့် တရုတ်၏ စွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

ဧရာမ တယ်လီကွန်းကုမ္ပဏီကြီးHuawei သည် 5G နည်းပညာတွင် ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာရန် ရည်မှန်းထားသော်လည်း တရုတ်နိုင်ငံအတွင်း ဝယ်ယူသူ ကျဆင်းလာကာ အာဖရိကနှင့် လက်တင် အမေရိကတို့တွင်ပင် ငြင်းပယ်မှုများနှင့်ပင် ရင်ဆိုင်နေရသောကြောင့် သမ္မတရှီကျင့်ဖျင်က အခိုင်အမာပြောထားသည့် ၂၀၂၅ခုနှစ်တွင် အလွန်အရေးပါသောနည်းပညာကို ပိုင်ဆိုင်ရန်ဟူသော နိုင်ငံ၏ ကတိကဝတ်သည် စောင့်ကြည့်ခံနေရကြောင်း Hong Kong Post ကဖော်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတွင် နည်းပညာဖူလုံစေရေးအတွက် ကမ္ဘာတစ်ဝှမ်းမှ ဉာဏ်ရည်ထက်မြက်ပြီး ဆန်းသစ်တီထွင်သော ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူရန် တရုတ်နိုင်ငံသည် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလက ပေကျင်း၌ ကျင်းပသော အစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။

ရှီက ၂၀၂၅ ခုနှစ်တွင် အလွန်အရေးပါသောနည်းပညာများ နိုင်ငံတွင်း လုံလောက်စွာရှိစေရန် ကတိပြုခဲ့သည်။

ယခုအခါ ယင်းအစီအစဉ်သည် ပျက်စီးသွားပုံရသည်။ Huawei အား အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များက ငြင်းဆိုလိုက်ခြင်းကြောင့် အာဖရိကနှင့် လက်တင်အမေရိကတို့တွင်ပင် ငြင်းပယ်ခံရလောက်အောင် ဖြစ်ခဲ့သည်။

ရှင်ကျန်းဒေသတွင် ဝီဂါမွတ်စလင်များအပေါ် တရုတ်၏ စက်ဆုပ်ဖွယ်ကောင်းသော ဆက်ဆံပုံနှင့် ဟောင်ကောင်တွင် တရုတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ပြီးသည့်နောက်ပိုင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန် ငြင်းဆိုထားသည်။

အီးယူအဖွဲ့ဝင်များသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ရန်လိုသည့် အပြုအမူများနှင့် ပတ်သက်၍လည်း စိုးရိမ်နေကြသည်။

စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရေး နိုင်ငံရေးရည်မှန်းချက် ဖြည့်ဆည်းရန် ကြိုးပမ်းနေစဉ်တွင် တရုတ်နိုင်ငံသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ၊ မူပိုင်ခွင့်များနှင့် ဉာဏပိုင်ဆိုင်မှုများကို အများအပြားခိုးယူရင်း အလုပ်များလျက်ရှိသည်။

တရုတ်သည် ၂၀၁၆မှ ၂၀၁၉ခုနှစ်အတွင်းတွင် ကုန်သွယ်မှုဆိုင်ရာခိုးယူမှုများစွာ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်ကစွပ်စွဲခဲ့သည်။

အမေရိကန်တွင် ထိုသို့ တရုတ်ဆန့်ကျင်မှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော လှုပ်ရှားမှုများ ရှိနေသည့်ကြားက ဗြိတိန်သည် ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် Huawei 5G နည်းပညာကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။၂၀၂၇ ခုနှစ်မတိုင်မီ 5G ကွန်ရက်များမှ Huawei ပစ္စည်းကိရိယာများကို ဖယ်ရှားရန် ညွှန်ကြားခဲ့သည်။

တရုတ်အစိုးရသည် နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ထောက်လှမ်းရန် စက်ပစ္စည်းကိရိယာများကို အသုံးပြုနိုင်သည်ဟု သံသယရှိသောကြောင့်ဗြိတိန်က Huawei 5G စက်ပစ္စည်းအသစ်များ ဝယ်ယူခြင်းမပြုရန် မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးသူများကိုလည်း ညွှန်ကြားထားကြောင်းHong Kong Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly