ယူကရိန်းစစ်တပ်က နျူကလီးယား ဘေးအန္တရာယ် ဖြစ်ခဲ့ရာ မြို့ဟောင်းမှာ မြို့ပြတိုက်ပွဲအသွင် စစ်ရေးလေ့ကျင့် 

ယူကရိန်းစစ်တပ်က နျူကလီးယား ဘေးအန္တရာယ် ဖြစ်ခဲ့ရာ မြို့ဟောင်းမှာ မြို့ပြတိုက်ပွဲအသွင် စစ်ရေးလေ့ကျင့် 
Photo - AFP

ဖေဖော်ဝါရီ ၅

ယူကရိန်းနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို ဘေးအန္တရာယ်ဖြစ်ခဲ့ရာ ချာနိုဘိုင်းနယ်မြေဟောင်းဇုန်ရဲ့ ပရစ်ယတ်မြို့ဟောင်းက စွန့်ပစ်အဆောက်အအုံတွေကြား စက်သေနတ်ပစ်ခတ်သံတွေ ပဲ့တင်ထပ် ထွက်ပေါ်နေပါတယ်။ 

ယူကရိန်း အမျိုးသားအစောင့်တပ်က တပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့မှာ မြို့ပြတိုက်ပွဲအသွင် စစ်ရေးလေ့ကျင့်နေကြတာပဲ ဖြစ်ပါတယ်။ 

ဖြစ်လာနိုင်တဲ့ ရုရှရဲ့ ကျူးကျော်မှု သတိပေးချက်တွေ မြင့်တက်နေတဲ့ကြားမှာပဲ ကမ္ဘာမှာ ရေဒီယိုဓာတ်သတ္တိကြွမှု အမြင့်မားဆုံးနေရာမှာ ခုလို ကျည်စစ်နဲ့ စစ်ရေးလေ့ကျင့်နေကြတာပဲ ဖြစ်ပါတယ်။ 

ရုရှနိုင်ငံဟာ ယူကရိန်းနယ်စပ်တစ်လျှောက်နားမှာ စစ်အင်အား တစ်သိန်းလောက် တပ်စွဲထားတာဖြစ်ပြီး မြောက်ပိုင်း ခြောက်မိုင်အကွာက ဘီလာရုစ်ဆီလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် တပ်တွေစေလွှတ်ထားတာ အပါအဝင်ပဲ ဖြစ်ပါတယ်။ 

ယူကရိန်းတပ်တွေအတွက်တော့ ၁၉၈၆ ခုနှစ်မှာ နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းသွားကြပြီဖြစ်တဲ့ ပရစ်ယတ်က လူသူကင်းမဲ့တဲ့ လမ်းတွေနဲ့ တိုက်ခန်းတွဲတွေဟာ မြို့ပြတိုက်ပွဲအတွက် စစ်ရေးလေ့ကျင့်ရာ ဖြစ်လာပါတယ်။ 

ဆီနှင်းကြားက တပ်ဖွဲ့ဝင်တွေဟာ အဆောက်အအုံတွေပေါ်က လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေကို ရှင်းလင်းတာ၊ မော်တာကျည်တွေကို ပစ်မှတ်ထားတာနဲ့ မြို့ပြအခြေအနေကြား စနိုက်ပါပစ်ခတ်တာတွေကို လေ့ကျင့်ကြတာပဲ ဖြစ်ပါတယ်။ 

အရေးပေါ်ဝန်ထမ်းတွေကလည်း ဘေးလွတ်ရာ ကယ်ထုတ်ရွှေ့ပြောင်းပေးရေးကို လေ့ကျင့်ကြပါတယ်။ ဒရုန်းတစ်စင်းကနေ ဒေသခံတွေကို လမ်းညွှန်အသိပေးချက်တွေ ကြေညာနေသလို တိုက်ပွဲကြောင့် လောင်တဲ့ မီးကိုလည်း ငြှိမ်းသတ်တာတွေကို လေ့ကျင့်ကြတာပဲ ဖြစ်ပါတယ်။ 

“ဒီမှာ အရပ်သားတွေ မရှိတာကြောင့် ကျွန်တော်တို့က ကျည်စစ်နဲ့ စစ်ရေးလေ့ကျင့်နိုင်တယ်၊ ဖြစ်လာနိုင်တဲ့ မြို့ပြစစ်ပွဲနဲ့ နီးစပ်တူညီတဲ့ အနေအထားမှာ ကျည်စစ်သုံး စစ်ရေးလေ့ကျင့်တာ ဖြစ်တယ်”လို့ အမျိုးသားအစောင့်တပ်က စစ်သည်တစ်ဦးက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly