မော်ရိုကိုနိုင်ငံမှာ ပေ ၁၀၀ ခန့် နက်တဲ့ တွင်းထဲ ကျသွားတဲ့ ကလေးငယ်ကို ကယ်ထုတ်ဖို့ ကြိုးစားနေ

မော်ရိုကိုနိုင်ငံမှာ ပေ ၁၀၀ ခန့် နက်တဲ့ တွင်းထဲ ကျသွားတဲ့ ကလေးငယ်ကို ကယ်ထုတ်ဖို့ ကြိုးစားနေ
Photo - AFP

ဖေဖော်ဝါရီလ ၄ ရက်

မော်ရိုကိုနိုင်ငံမှာ အနက် ပေ ၁၀၀ ခန့် ရှိတဲ့ တွင်းတစ်တွင်းထဲ ပြုတ်ကျ ပိတ်မိနေတဲ့ ငါးနှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။

ယခုအခါ ရိုင်ယန်အမည်ရ အဆိုပါ ကလေးငယ် တွင်းထဲ ကျသွားပြီး ပိတ်မိနေတာ လေးရက်မြောက်နေ့ ရောက်လာပြီဖြစ်သလို ကယ်ဆယ်ရေးသမားတွေဟာ ၎င်းကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ရင်း အသေးစိတ်ဂရုစိုက်ရတဲ့ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ နောက်ဆုံးအဆင့်မှာ ရောက်ရှိနေပါတယ်။

နိုင်ငံမြောက်ပိုင်း ရှက်ဖ်ချာရွန်ပြည်နယ်မှာ ဖြစ်တဲ့ ဒီဖြစ်ရပ်ဟာ မြောက်အာဖရိကနိုင်ငံတဝန်း ပြည်သူတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့သလို နိုင်ငံရေးအရ ဆက်ဆံရေး အေးစက်နေခဲ့တဲ့ ဒေသတွင်းပြိုင်ဘက် အိမ်နီးချင်း အယ်လ်ဂျီးရီးယားဆီကနေတောင် ဂရုဏာသက်မှုတွေ ပေါ်ပေါက်ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ ကလေးငယ်ဆီကို အောက်ဆီဂျင်နဲ့ ရေကို ပိုက်တွေကနေတဆင့် ပေးပို့ထားနိုင်တယ်လို့ သိရပေမယ့် ၎င်း အသက်ရှင်နေသေးသလား ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တွင်းရဲ့ ပတ်လည်မှာ အနည်းဆုံး မြေတူးစက် ငါးစီးနဲ့ အနီရောင်မြေသားတွေကို တူးဖော်နေပြီး လက်ရှိမြင်ကွင်းပုံစံက ဆောက်လုပ်ရေးဆိုဒ်တစ်ခုနဲ့တောင် တူနေပါတယ်။

ဘက်ဘ် ဘရက်ဒ်မြို့အနီး ရွာတစ်ရွာမှာ အနက် ၃၂ မီတာ (ပေ ၁၀၀) ခန့် ရှိတဲ့ တွင်းရဲ့ အနီးဧရိယာမှာ စက်ယန္တရားကြီးတွေနဲ့ ညလုံးပေါက် လုပ်ကိုင်နေတာကို အေအက်ဖ်ပီ သတင်းထောက်တွေကလည်း မြင်တွေ့ခဲ့ရပါတယ်။

စက်ယန္တရားကြီးတွေနဲ့ မြေအောက် ၂၈ မီတာအထိ တူးဖော်ခဲ့ပြီး ရိုင်ယန်ရှိတဲ့ နေရာဆီ ရောက်ဖို့ တွင်းဘက်ကို ဦးတည်ပြီး ရေပြင်ညီအတိုင်း မြေသားအတားအဆီးကို ဖောက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် မြေပြိုမှုဖြစ်နိုင်တဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ ၎င်းတို့က ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းဟာ ရှုပ်ထွေးနေပြီး အကြောင်းကတော့ မြေသားက တချို့နေရာမှာ သဲမြေဖြစ်နေပြီး တချို့နေရာတွေမှာတော့ ကျောက်တုံးကျောက်ခဲတွေနဲ့  ပြည့်နေလို့ ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးငယ်ကို ကယ်ထုတ်နိုင်ဖို့က နီးကပ်လာနေပါပြီ၊ ကျွန်တော်တို့အနေနဲ့ မိသားစုနဲ့ထပ်တူ ရှိနေပြီး သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းစွာပြန်ထုတ်နိုင်စေဖို့ ဆုတောင်းပေးနေပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ မူစတာဖာ ဘိုင်တက်စ်က ပြောပါတယ်။

ရိုင်ယန်ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့မိသားစုရဲ့ နေအိမ်အနီးမှာ ရှိတဲ့ အဆိုပါ ကျဉ်းမြောင်းပြီး နက်တဲ့ တွင်းထဲ မတော်တဆ ကျသွားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required