နမ္မတူမြို့နယ်တွင် အဓမ္မကျင့်ခံရသော အမျိုးသမီးသေကြောင်းကြံစည်မှုဖြစ်ပွား

နမ္မတူမြို့နယ်တွင် အဓမ္မကျင့်ခံရသော အမျိုးသမီးသေကြောင်းကြံစည်မှုဖြစ်ပွား

ဖေဖော်ဝါရီလ ၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် TNLA တပ်ဖွဲ့ဝင်တစ်ဦး၏ အဓမ္မကျင့်ခံခဲ့ရသော အသက် ၁၅ နှစ်အရွယ် အမျိုးသမီးသည်  ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံစည်ခဲ့ကြောင်း ဒေသခံထံက သတင်းရရှိသည်။ 

ထိုအမျိုးသမီးသည်  ရှက်ရွံ့မှုကြောင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ယင်းသို့ ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် TNLAတပ်သား တို့မှာ ယခင်က သမီးရည်းစားများ ဖြစ်သော်လည်း ပြတ်စဲသွားပြီး‌နောက် ဇန်နဝါရီလ ၂၃ ရက်တွင် အမျိုးသမီးငယ်၏ အိမ်သို့လာရောက်ကာ အဓမ္မကျင့်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ 

"အရင်ကတော့ သူတို့ကြိုက်ဖူးတယ်။ အဲ့နောက်ကောင်မလေးက သူ့ကို ဖြတ်လိုက်တယ်လို့ သိရတယ်။ အဲ့ဒီနေ့မနက်ကြတော့ ကောင်မလေးအိမ်ကိုသူရောက်လာတယ်။  အိမ်မှာဘယ်သူမှလည်း မရှိတော့ ကောင်မလေးကို အဓမ္မကျင့်တယ်။ ကောင်မလေး ငိုသံ၊ အော်သံတွေကြားလို့ အိမ်နီးချင်းတွေသွားတော့မှ အဓမ္မကျင့်နေတာကိုတွေ့လို့ ဝိုင်းဖမ်းကြတာ" ဟုပြောသည်။ 

အဆိုပါ စစ်သားအား ပန်လုံကျေးရွာတွင် တပ်စွဲထားသော TNLA တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးထားကာ အရေးယူသွားမည်ဟု ဒေသခံများကို ပြောဆိုခဲ့ကြောင်း သိရသည်။ 

အခြားဒေသခံတစ်ဦးကလည်း  TNLA တပ်ဖွဲ့မှ တာဝန်ရှိသူအချို့က  အဓမ္မကျင့်ခံရသူအမျိုးသမီး၏ အိမ်သို့ လျော်ကြေးငွေ ကျပ် ၁၀ သိန်းဖြင့် ယခုဖြစ်ရပ်ကို ဆက်လက် မကြီးထွားစေရန် လာရောက် ညှိနှိုင်းခဲ့သည်ဟု ပြောသည်။ 

"သတင်းက ပန်လုံတစ်ရွာလုံးပျံ့တော့ ကောင်မလေးကအရမ်းရှက်ပြီး ပုရွက်ဆိတ်သတ်တဲ့ ဆေးမှုန့်တွေသောက်တယ် ။ သူ့အိမ်ကအသိမြန်လို့ " ဟုပြောပါသည်။ 

ယခုအဓမ္မကျင့်ခံရမှုဖြစ်စဥ်အား မီဒီယာများနှင့် ပြင်ပသို့ သတင်းမပေါက်ကြားစေရန် ကျေးရွာအုပ်ချုပ်ရေးမှူးအား  TNLA တပ်ဖွဲ့မှ ဖိအားပေးထားပြီး ဒေသခံများမှာလည်း ၎င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်လျက်ရှိသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required