ပေါက်မြို့နယ်က တောခေါင်းဂိတ်စခန်းကို ပြောက်ကျားတပ် မီးရှို့ဖျက်ဆီး

By OAK
04 February 2022
ပေါက်မြို့နယ်က တောခေါင်းဂိတ်စခန်းကို ပြောက်ကျားတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်-ပခုက္ကူကားလမ်းဘေးရှိ ထန်းတောကုန်းရွာ အရှေ့မြောက်ဘက်တွင်ရှိသော တောခေါင်းဂိတ်စခန်းအား ပြောက်ကျားတပ်က ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေ ၃နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"အရင်ကတော့ အစောင့်ရဲတွေရှိတယ်၊ အခုကထွက်ပြေးသွားကြတယ်။ အခုလိုမီးရှို့တာက ကျွန်တော်တို့ပေါက်နယ်မှာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးပြီး ပြည်သူတွေကို နှိပ်စက်တာတွေလုပ်နေလို့ စစ်ကောင်စီဒေါက်တိုင်ဖြစ်တဲ့ အဲ့နေရာကိုမီးရှို့လိုက်တာ"ဟု King Fighter SGF အဖွဲ့ကပြောသည်။

မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ရေပြာရဲစခန်းမှ ရဲ အင်အား ၁၀ယောက်ခန့်ဖြင့် ရောက်လာပြီး ထန်းတောကုန်းကျေးရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းသို့ပစ်ခတ်ခြင်းအပြင် ပြည်သူပိုင် နေအိမ်တံခါးများအား ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ဆိုင်ကယ် သုံးစီးအား ယူဆောင်သွားခြင်းများပြုလုပ်သွားသည်။

ယင်းလုပ်ဆောင်မှုကို King Fighter _ SGF နှင့် မိတ်ဖက်အဖွဲ့များဖြစ်ကြသော တပ်ရင်း(၄)၊ MVRF တို့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့်လည်းစစ်ကောင်စီ၊ ရဲ၊ ပျူစောထီး၊ ဒလန်များနှင့် ဝေးဝေးနေပေးကြရန် အခင်းဖြစ်နေရာများအား စူးစမ်းခြင်းမပြုလုပ်ကြရန် King Fighter SGF အဖွဲ့က မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly