ဗိုလ်ရှုသဘင် နီးကပ်လာချိန် နေပြည်တော်အဝင် လုံခြုံရေးပိုတင်းကျပ်၊ မြို့ဝင်သူတိုင်းအား COVID-19 ရောဂါစစ်ဆေး

ဗိုလ်ရှုသဘင် နီးကပ်လာချိန် နေပြည်တော်အဝင် လုံခြုံရေးပိုတင်းကျပ်၊ မြို့ဝင်သူတိုင်းအား COVID-19 ရောဂါစစ်ဆေး

ဖေဖော်ဝါရီ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည့် ဗိုလ်ရှုသဘင် နီးကပ်လာချိန် နေပြည်တော်အဝင် လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မြို့ထဲသို့ဝင်ရောက်မည့် မည်သူမဆို COVID-19ရောဂါ ရှိ၊ မရှိ စစ်ဆေးရကြောင်း နေပြည်တော်ရှိ ဝန်ထမ်း အသိုင်းအဝိုင်းထံက သိရသည်။

"ပုံမှန်ဆို နေပြည်တော်ကိုလာရင် တခြားနေရာထက် ပိုစစ်တာမှန်ပေမယ့် အခုတော့ COVID ပါ တစ်ခါတည်းစစ်တယ်။ အရင်က ဝန်ထမ်းပဲစစ်တာ၊ အခု အရပ်သားပါ မကျန်စစ်တာ။ ၁၂ ရက်နေ့ထိပဲ စစ်တယ်ဆိုတော့ ၁၃ ရက်နေ့ကစလို့ ရောဂါက ပျောက်ပြီလား။ သူတို့ပဲ အသက်ပါတယ်၊။ ကြောက်တတ်ကြတာ။ ပြည်သူတွေက ဘာဖြစ်ဖြစ်၊ နေပူကြီးထဲ အကုန်ဆင်း တန်းစီ၊ အဲ့တော့မှ လူအုပ်ကြီးထဲက ပြန်ကူးမှာ" ဟု နေပြည်တော်သို့ လာရောက်သည့် ခရီးသွားတစ်ဦးက မဇ္ဈိမ သို့ ပြောသည်။

နေပြည်တော်အဝင်တွင် လူဦးရေ ရာကျော် တန်းစီရခြင်း၊ COVID-19 ရောဂါ စစ်‌ဆေးရခြင်းနှင့် အဖြေရလဒ်သိရန် စောင့်ဆိုင်းရခြင်းတို့အတွက် အချိန်ကြာမြင့်ချိန်မှာ ၂နာရီ မိနစ် ၃၀ ကျော်ရှိပြီး စနစ်တကျ မရှိသဖြင့် ရောဂါပိုမို အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်း ခရီးသွားများက ဝေဖန်ကြသည်။

ထို့အပြင် ခရီးသွားကား ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များလည်း COVID-19 ရောဂါ ရှိ၊ မရှိစစ်ဆေးရသည်။

"အရင်က ယာဉ်ပေါ်ပါလာတဲ့ ဝန်ထမ်းတွေပဲစစ်တာ၊ အခု ကျွန်တော်တို့ကိုပါစစ်တော့ သုံးရက် တစ်ခါ နှာခေါင်းထိုးခံနေရရင် အဆင်မပြေဘူး။ အဲ့လိုပဲလုပ်နေမယ်ဆိုရင်တော့ ခရီးစဉ်တွေ မမောင်းဖို့ဘဲ ရှိတော့တယ်" ဟု နာမည်ကြီးယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

နေပြည်တော်သို့လာရောက်လျှင် မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာ၊ COVID-19 ကာကွယ်ဆေးထိုးထားသည့် လက်မှတ်များက အဓိက မကျတော့ဘဲ ဆေးစစ်ခံနေရကြောင်း၊ အိမ်စီးကားများဖြင့်လာရောက်ပါက ကားမှန်အားလုံးချကာ လူတစ်ဦးစီနှင့် ကားပေါ်သယ်ဆောင်လာသည်များကို အဓိကထားစစ်ဆေးနေသည်။ အဝေးပြေး ခရီးသွား ကားများမှ ခရီးသည်များ တစ်ဦးစီ လမ်းလျှောက်အစစ်ဆေးခံရပြီး ယာဉ်ပေါ်ရှိ လူမဲ့ပစ္စည်းတန်ဆာများကိုပါ ဖွင့်ဖောက်စစ်ဆေးသည်အထိရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly