တရုတ်နိုင်ငံမှ ဝီဂါများအား ပိုမိုကာကွယ်နိုင်မည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် တင်သွင်း

By The Geneva Daily
04 February 2022
တရုတ်နိုင်ငံမှ ဝီဂါများအား ပိုမိုကာကွယ်နိုင်မည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် တင်သွင်း

အမေရိကန်အစိုးရက America COMPETES Act ဟုခေါ်ဆိုသော ဥပဒေသည် ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် နိုင်ငံ၏ ထုတ်လုပ်ပံ့ပိုးမှု ကွင်းဆက်ရှိ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း RFA ကဖော်ပြသည်။

အဆိုပါဥပဒေကြမ်းတွင် စာမျက်နှာ ၂၉၀၀ နီးပါးရှိကာ ဘာသာစကားအပါအဝင် မွတ်စလင်ဝီဂါ၊ တိဗက်လူမျိုးများနှင့် ဟောင်ကောင်လူမျိုးများအပေါ် တရုတ်နိုင်ငံ၏ ဆက်ဆံပုံနှင့်ပတ်သက်သည့် နိုင်ငံခြားမူဝါဒဆိုင်ရာ ပြဋ္ဌာန်းချက် အများအပြားပါရှိသည်။

"America COMPETES ဥပဒေကြမ်းသည် တရုတ်နှင့်ပြိုင်ဆိုင်မှုအတွက်သာမကဘဲ ပိုမိုငြိမ်းချမ်း သာယာဝပြောပြီး တရားမျှတသောကမ္ဘာကြီးဖြစ်စေရန် တိုက်ပွဲဝင်ရာတွင် လာမည့်ဆယ်စုနှစ်များအတွင်း အမေရိကန်အတွက် အောင်မြင်မှုရရှိရန် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြား ရေးရာ ကော်မတီ၏ဥက္ကဌ ဂျော့်ရှ်ဒက်ဗယ်လျူမိခ်က ပြောခဲ့သည်ဟု ဇန်နဝါရီ ၃၀ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဥပဒေမူကြမ်းအား ကြိုဆိုသည့်အနေဖြင့် World Uyghur Congress အကြီးအကဲ ဒေါ်လကန်အီဆာက အဆိုပါလုပ်ရပ်သည် တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန် အထောက်အကူဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားနေတာ ၅ နှစ်လောက်ရှိပါပြီ။ ပြီးတော့ တရုတ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို မပြောင်းလဲသေးပါဘူး” ဟု အီဆာက ပြောသည်။

အဆိုပါဥပဒေမူကြမ်းသည် နိုင်ငံအများအပြားရှိ ဝီဂါဒုက္ခသည်များကို ပြန်လည်နေရာချထားရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ထိန်းချုပ်မှုအောက်တွင်နေထိုင်ပြီး လုံခြုံရေး အတွက် စိုးရိမ်နေရသည့် ဝီဂါများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြိး အမေရိကန်၏တုံ့ပြန်မှုကို ဦးစားပေးသွားမည်ဖြစ်ကြောင်း အီဆာက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly