နိုင်ငံစီးပွားရေးတိုးတက်အောင် စွမ်းဆောင်ထားနိုင်သည်ဟု ပါကစ္စတန်အစိုးရ၏ ပြောကြားချက်အပေါ် အတိုက်အခံတို့ ဝေဖန်

နိုင်ငံစီးပွားရေးတိုးတက်အောင် စွမ်းဆောင်ထားနိုင်သည်ဟု ပါကစ္စတန်အစိုးရ၏ ပြောကြားချက်အပေါ် အတိုက်အခံတို့ ဝေဖန်

ပါကစ္စတန်နိုင်ငံ၏ သမိုင်းတွင် အမြင့်ဆုံး ဂျီဒီပီ တိုးတက်မှုနှုန်းထားတစ်ခု ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည် ဆိုသည့် ဝန်ကြီးချုပ် အီမရန် ခန်း၏ ပြောဆိုချက်က မှန်ကန်ခြင်း မရှိဘဲ အလိမ်အညာသာ ဖြစ်ကြောင်း အတိုက်အခံပါတီ PML-N ၏ ပြန်ကြားရေးအရာရှိ မာရီယမ် အော်ရန်ဇက်ဘ်က ဝေဖန်ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ် ခန်းသည် နိုင်ငံရှိ ပြည်သူများကိုသာမက ကမ္ဘာကိုပါ လိမ်ညာနေခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။

“၂၀၁၈ တုန်းကဆိုရင် ပါကစ္စတန်ရဲ့ ဂျီဒီပီ တိုးတက်မှုက ၆ ဒသမ ၁ ဖြစ်ခဲ့ပါတယ်၊ ဒီအစိုးရလက်ထက်မှာ ဂျီဒီပီ တိုးတက်မှုနှုန်းထားဟာ အနုတ်နယ်နိမိတ်ထဲ ထိုးစိုက်ကျခဲ့ပြီး ခုကျမှ ၅ ဒသမ ၅ ကို ရောက်ရှိခဲ့တာဖြစ်တဲ့အတွက် အီမရန် ခန်းအနေနဲ့ အောင်ပွဲခံမယ့်အစား ကိုယ့်အစိုးရရဲ့ ညံ့ဖျင်းမှုအတွက် ဝမ်းနည်းနေသင့်ပါတယ်” ဟု မာရီယမ်က ပြောသွားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်က ဝန်ကြီးချုပ် ခန်း၏ ထုတ်ပြန်ချက်ကို မာရီယမ်က တုံ့ပြန်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှု နှင့် ဆင်းရဲမွဲတေမှုတို့က နိုင်ငံတွင် ပြည်သူများကို သတ်နေကြောင်း၊ ယင်းအချိန်တွင် အီမရန် ခန်းသည် အရှက်မဲ့စွာဖြင့် စီးပွားရေးတိုးတက်သည်ဆိုပြီး အောင်ပွဲခံဂုဏ်ယူနေကြောင်း၊ ခန်းသည် ၎င်း၏ သုံးနှစ်တာအုပ်ချုပ်မှုကာလအတွင်း စီးပွားရေးကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ခဲ့ကြောင်း မစ္စ မာရီယမ်က ပြောခဲ့သည်။

“အီမရန် ခန်း အစိုးရအနေနဲ့ ပြည်သူတွေကို ပြောပြသင့်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ စီးပွားရေးဆိုင်ရာ ပကတိအခြေအနေတွေ အများကြီး ရှိပါတယ်” ဟု သူမက ပြောသည်။

အီမရန် ခန်း ဦးဆောင်သည့် ပီတီအိုင် အစိုးရသည် ၎င်းတို့ လက်ထက်၌ နိုင်ငံသမိုင်းတွင် အမြင့်မားဆုံးဖြစ်သည့် ချေးငွေ ဒေါ်လာ ၄၀ ဘီလီယံကျော်အထိ ရယူထားခဲ့ပြီး လူပေါင်း ခြောက်သန်းအတွက် အလုပ်အကိုင်များ ဆုံးရှုံးထားစေခဲ့သလို ပါကစ္စတန်ပြည်သူ သန်း ၂၀ ခန့်ကို ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ကျရောက်စေခဲ့ကြောင်း သူမက ပြောသည်။

ဘဏ္ဍာရေး လိုငွေပြမှုက ရူပီး ၄,၄၀၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းက ၂၂ ရာခိုင်နှုန်းဖြစ်aကြောင်း သူမက ပြစ်တင်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly