ပါကစ္စတန်တွင် လာမည့်သီတင်းပတ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်ဟု ပညာရှင်များ သတိပေး

ပါကစ္စတန်တွင် လာမည့်သီတင်းပတ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်ဟု ပညာရှင်များ သတိပေး

ပါကစ္စတန်နိုင်ငံတွင် မကြာသေးခင်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားမှု မြင့်တက်ခဲ့ပြီးနောက် ရှေ့လာမည့် သီတင်းပတ်များတွင်လည်း အဆိုပါ ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ကျွမ်းကျင်သူ တစ်ချို့က သတိပေးထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တပ်လှန့်ထားပြီး သတိဝီရိယဖြင့် ရှိနေစေရေး သတိပေးထားကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရှိတ် ရာရှစ်ဒ်က ပြောထားသည်။

လာဟိုးမြို့ အန်နာကာလီ ဧရိယာတွင် လူ သုံးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက် အထက်ပါ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Dawn သတင်းစာက “ကြီးထွားလာသော အကြမ်းဖက်ခြိမ်းခြောက်မှု” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြသည့် အတွေးအမြင်ဆောင်းပါးတစ်ပုဒ်တွင် အာဖဂန်နစ္စတန်၌ အာဖဂန်တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း TTP ဟု သိကြသည့် ပါကစ္စတန်တာလီဘန်အဖွဲ့သည် ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ထားခဲ့ကြောင်းနှင့် အခြေအနေက စိုးရိမ်ဖွယ်ကောင်းကြောင်း ရေးသားဖော်ပြထားသည်။

မကြာသေးခင်က နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်မှုကို မြင်တွေ့ထားခဲ့ရပြီးဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားမှု ၃၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ရာရှစ်ဒ်က ပြောသည်။

“ဒါပေမယ့် ဒီအခြေအနေက ကျွန်တော်တို့ နိုင်ငံ၊ စိတ်ဓာတ်၊ အားမာန် နဲ့ စစ်တပ်ကို ပြိုလဲစေနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly