အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန်စစ်လက်နက်များ ကက်ရှ်မီးယားသို့ ရောက်ရှိနေ

By MSN
03 February 2022
အာဖဂန်နစ္စတန်တွင် ကျန်ခဲ့သည့် အမေရိကန်စစ်လက်နက်များ ကက်ရှ်မီးယားသို့ ရောက်ရှိနေ

အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်တပ် စွန့်လွှတ်ခဲ့ရသည့် စစ်လက်နက်များနှင့် ခဲယမ်းတချို့မှာ ယခုအခါ ကက်ရှ်မီးယား တောင်ကြားရှိ အကြမ်းဖက်အဖွဲ့များ၏ လက်ထဲတွင် ရောက်ရှိနေကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့တစ်ခု မကြာသေးခင်က ထုတ်ဖော်ပြသခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် အကြမ်းဖက်သမားများက အမေရိကန်လုပ် ရိုင်ဖယ်များနှင့် ပစ္စတိုများကို ကိုင်ဆောင်အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရသည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက ဂျမူးနှင့် ကက်ရှ်မီးယားတွင် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီး ပြည်ပအကြမ်းဖက်သမား ခြောက်ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့ရာတွင် အဆိုပါ အကြမ်းဖက်သမားအားလုံးသည် အမေရိကန်လုပ် M4 ကာဘိုင် ရိုင်ဖယ်များ ကိုင်ဆောင်ထားခဲ့ကြသည်ကို များမကြာမီက တွေ့ရှိခဲ့သည်။

ဖက်ဆစ်ဝါဒီ ဆန့်ကျင်ရေး ပြည်သူ့တပ်ဦး (PAFF) အမည်ရှိ အကြမ်းဖက်အဖွဲ့တစ်ခု ထုတ်ဖော်ပြသခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် အကြမ်းဖက်သမားများသည် M249 အော်တိုမက်တစ် ရိုင်ဖယ်များ၊ 509 သေနတ်များ၊ M1911 ပစ္စတိုများနှင့် M4 ကာဘိုင် ရိုင်ဖယ်များ ကိုင်ဆောင်အသုံးပြုနေခဲ့ကြသည်ကိုတွေ့ခဲ့ရသည်။

ထိုလက်နက်အားလုံးသည် အမေရိကန်စစ်တပ်က အသုံးပြုလျက်ရှိသည့် လက်နက်များဖြစ်သည်။

အဆိုပါ လက်နက်များနှင့် ခဲယမ်းအားလုံးသည် အာဖဂန်နစ္စတန်၏ တာလီဘန်တို့ ရောင်းချ ပေးထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

ပါကစ္စတန်ရှိ အကြမ်းဖက်အဖွဲ့များသည် အဆိုပါ လက်နက်၊ ခဲယမ်းများကို တာလီဘန်တို့ထံမှ ဝယ်ယူပြီး ယင်းတို့ကို နယ်စပ်ဖြတ်ကာ ကက်ရှ်မီးယား တောင်ကြားသို့ တဆင့် ပြန်လည်ရောင်းချထားမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly