ပရီးမီးယားလိဂ်တွင် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော အွန်နရီ၏ စံချိန်ကို ရွန်နီ လိုက်မီ

ပရီးမီးယားလိဂ်တွင် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော အွန်နရီ၏ စံချိန်ကို ရွန်နီ လိုက်မီ

မန်ချက်စတာ၊ ဇန်နဝါရီ ၁၄ ။          ။ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတို့ သုံးဂိုးစီဖြင့် သရေကျခဲ့သော ပွဲစဉ်တွင် ဝိန်းရွန်နီသည် မန်ယူအသင်းအတွက် ဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော အွန်နရီ၏စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။

မူလက အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီသည် လန်ဒန်ကလပ်အသင်းအတွက် ဂိုးပေါင်း ၁၇၅ ဂိုးသွင်းယူပေးပြီး ထိပ်ဆုံး၌ရပ်တည်နေခြင်းဖြစ်သည်။ ယခုရွန်နီ၏ မန်ယူအတွက် ပရီးမီးယားလိဂ် သွင်းဂိုးပေါင်းမှာလည်း ၁၇၅ ဂိုးရှိသွားပြီဖြစ်သည်။

ယခုနှစ်ရာသီတွင် ရွန်နီသည် ဂိုးများရရှိရန် ရုန်းကန်ရလျက်ရှိပြီး ယခုအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး ငါးဂိုးသာသွင်းယူထားနိုင်သေးသည်။ သို့သော် ရွန်နီသည် ၂၀၁၆ ဇန်နဝါရီလအတွင်း ကစားထားသည့် ပွဲစဉ်သုံးပွဲတွင် လေးဂိုးအထိသွင်းယူထားသည်။

ပရီးမီးယားလိဂ်တွင် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော ရွန်နီနှင့် အွန်နရီတို့၏နောက်တွင် နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယား၊ ချယ်လ်ဆီးကွင်းလယ် ကစားသမားဟောင်း လမ်းပတ်၊ လီဗာပူးလ်ကစားသမားဟောင်းများဖြစ်သည့် ရော်ဘီဖောင်လာ၊ ဂျရတ်နှင့် အိုဝင်တို့ရှိနေကြသည်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားသည် ထိပ်ဆုံး ၁၃ ဦးစာရင်းတွင် နှစ်ကြိမ်ပါဝင်သည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။ အလန်ရှီးယားသည် ဘလက်ဘန်းအသင်းတွင် ကစားစဉ်က ၁၁၂ ဂိုးသွင်းယူခဲ့ပြီး နယူးကာဆယ်အသင်းတွင် ၁၄၈ ဂိုးသွင်းယူခဲ့သူ ဖြစ်သည်။

လက်ရှိထိပ်ဆုံး ၁၃ ဦးစာရင်းတွင် ရွန်နီတစ်ဦးမှလွဲ၍ ကျန်ကစားသမားအားလုံးမှာ ပရီးမီးယားလိဂ်တွင် ကစားခြင်းမရှိတော့သူများဖြစ်သည်။

ပရီးမီးယားလိဂ်တွင် တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသူများ

---------------------------------------------------------------------------------------

ရွန်နီ(မန်ယူ)     ၁၇၅ ဂိုး

အွန်နရီ(အာဆင်နယ်)    ၁၇၅ ဂိုး

ရှီးယားရား(နယူးကာဆယ်)       ၁၄၈ ဂိုး

လမ်းပတ်(ချယ်လ်ဆီး)   ၁၄၇ ဂိုး

ရော်ဘီဖောင်လာ(လီဗာပူးလ်)    ၁၂၈ ဂိုး

စတီဗင်ဂျရတ်(လီဗာပူးလ်)        ၁၂၀ ဂိုး

မိုက်ကယ်အိုဝင်(လီဗာပူးလ်)      ၁၁၈ ဂိုး

အလန်ရှီးယား(ဘလက်ဘန်း)     ၁၁၂ ဂိုး

ရွိုင်ယန်ဂစ်(မန်ယူ)       ၁၀၉ ဂိုး

ပေါစခိုးလ်(မန်ယူ)        ၁၀၇ ဂိုး

ဒရော့ဂ်ဘာ(ချယ်လ်ဆီး) ၁၀၄ ဂိုး

အီယန်ရွိုက်(အာဆင်နယ်)        ၁၀၄ ဂိုး

မတ်လီးတစ်ဆာ(ဆောက်သမ်တန်)       ၁၀၀ ဂိုး

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly