တရုတ်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်၍ ဂျပန်က တုံဂါနိုင်ငံကို ကူညီ

By The Japan News
03 February 2022
တရုတ်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်၍ ဂျပန်က တုံဂါနိုင်ငံကို ကူညီ

တုံဂါကျွန်းနိုင်ငံတွင် ရေအောက်မီးတောင် ပေါက်ကွဲပြီးနောက် ဂျပန်အစိုးရသည် ဒေသတွင်း တရုတ်၏ကြီးထွားလာသောသြဇာလွှမ်းမိုးလာမှုကို အကြောင်းပြု၍ တောင်ပစိဖိတ်နိုင်ငံအတွက် အကူအညီများ ပေးအပ်ရန် လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံသည် တောင်ပစိဖိတ်ဒေသရှိ နိုင်ငံများအား အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းဖြင့် ၎င်း၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်လျက်ရှိသည်။ ဂျပန်သည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်၏ ကြိုးပမ်းမှုများကို တန်ပြန်ရန် ရည်ရွယ်ထားသည်။

“တုံဂါဟာ အစဉ်အအလာအရ ဂျပန်ကို ထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ ဂျပန်နဲ့ တုံဂါတို့ဟာ အစားထိုးလို့ မရတဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်နေမှုကြောင့် ဂျပန်နှင့် သြစတြေးလျ အစိုးရများသည် တုံဂါကို အကူအညီပေးရန် အလျင်စလို လုပ်ဆောင်နေကြသည်။

၁၉၉၈ ခုနှစ်တွင် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီးနောက် တုံဂါသည် တရုတ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။

အဆောက်အအုံများနှင့် အစိုးရရုံးများ ဖျက်ဆီးခံရသောအခါ တုံဂါသည် ၎င်းတို့ကို ပြန်လည်တည်ဆောက်ရန် တရုတ်ထံမှ ငွေကြေးအမြောက်အမြား လက်ခံခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အခြားအဖွဲ့အစည်းများ၏ အဆိုအရ တုံဂါ၏ ပြင်ပကြွေးမြီမှာ ၂၀၂၀ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၄ ဒသမ ၃သန်း (ယန်း ၂၂ဘီလီယံခန့်) ရှိသည့်အနက် တရုတ်သို့ ပေးရမည့်အကြွေးသည် ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။

တရုတ်သည် ၎င်း၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအောက်တွင် စီးပွားရေးဇုန်ကြီးတစ်ခုဖန်တီးရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရေကြောင်းချဲ့ထွင်မှုကိုလည်း မြှင့်တင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly