ထိုင်ဝမ်အနီးတွင် တရုတ်က အင်အားအကြီးဆုံးဖြစ်ကြောင်း ဂျပန်ကို ပြသ

ထိုင်ဝမ်အနီးတွင် တရုတ်က အင်အားအကြီးဆုံးဖြစ်ကြောင်း ဂျပန်ကို ပြသ

ထိုင်ဝမ်သည် တရုတ်နှင့် ပတ်ဝန်းကျင်နိုင်ငံများအတွက် ကာလရှည်ကြာ ပြောစမှတ်ဖြစ်နေခဲ့ပြီး ဖိလစ်ပိုင်ပင်လယ်တွင်အမေရိကန်နှင့် ဂျပန်တို့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီး တစ်ရက်အကြာ၌ တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ထိုင်ဝမ်ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းဖြင့် အင်အားကြီးမှုကိုပြသခဲ့သည်။

တရုတ်စစ်လေယာဉ် ၃၉ စင်းသည် ထိုင်ဝမ်ရေလက်ကြားဝေဟင်ထက်၌ဇန်နဝါရီ၂၃ရက်က ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်၏ နောက်ဆုံးအင်အားပြသမှုသည် ယခုနှစ်အတွင်း အကြီးမားဆုံးကျုးကျော်မှုဖြစ်ပြီး ဂျပန်နှင့် အမေရိကန်ရေတပ်များက ဖိလစ်ပိုင်ပင်လယ်ကိုဖြတ်၍ ရေတပ်သင်္ဘောအုပ်စုစေလွှတ်ပြီးနောက် ၁ရက်အကြာတွင် လုပ်ဆောင်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၂ ရက်က အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘော ၂ စီး ၊ အမေရိကန် ကုန်းရေနှစ်သွယ်ချေမှုန်းရေးစစ်သင်္ဘော ၂ စီးနှင့် ဂျပန်ရဟတ်ယာဉ်ဖျက်သင်္ဘော ၁ စီးတို့သည် အမေရိကန်ရေတပ်၏ လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာအတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို တင်ပြထားသော စည်းမျဉ်းအခြေခံအမိန့်ကို ပျက်ပြားစေသည့် တရုတ်၏ ကြိုးပမ်းမှုကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဂျပန်နှင့် သြစတြေးလျတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း ယင်းလုပ်ရပ်များက တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက “အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတို့က တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် စွက်ဖက်မှုနဲ့ တရုတ်နိုင်ငံကို အပုပ်ချဖို့နဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် ယုံကြည်မှုကို ပျက်ပြားစေဖို့အတွက် သတင်းမှားတွေ လုပ်ကြံဖန်တီးတာကို ရှုတ်ချကန့်ကွက်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ စစ်လေယာဉ်များ စေလွှတ်နေသည်မှာ ၁ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်ဝမ်မှ ပုံမှန်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly