ဖြစ်သင့်တာထက် ဖြစ်ချင်တာကိုပဲ ဦးစားပေးခဲ့သူ မော်ဒယ် အိမ့်မျက်ခြယ်

ဖြစ်သင့်တာထက် ဖြစ်ချင်တာကိုပဲ ဦးစားပေးခဲ့သူ မော်ဒယ် အိမ့်မျက်ခြယ်

ဒီတစ်ပါတ် Meet the Successful  အစီစဉ်မှာ ကျွန်တော်တွေ့ဆုံ မေးမြန်းသွားမယ့် သူကတော့ ၂၀၁၅ ခုနှစ်အတွက် Miss Earth Myanmar 2015  ဆုကို စွတ်ခူးရရှိထားတဲ့ မော်ဒယ် အိမ့်မျက်ခြယ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဟာ အငြိမ်းစား မီးရထား ဝန်ထမ်း တစ်ဦး ဖြစ်ပြီးတော့ မိခင်ကတော့ လက်ရှိမှာ မြန်မာမှု မျိုးစုံ ရောင်းချနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီ မြန်မာမှုမျိုးစုံဆိုင်လေးဟာ သူမအတွက်တော့ မိသားစုလုပ်ငန်း တစ်ခုဖြစ်တာကြောင့် သူမရဲ့ အချိန်တော်တော်များများဟာ မိဘကို ကူညီရင်းနဲ့ ဒီဆိုင်လေးမှာ အချိန်ကုန်သလိုရှိပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ သူမ ဝါသနာပါတဲ့ မော်ဒယ်လ် လုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ အခုလိုအခြေအနေများကြားက အခက်ခဲတွေ ကြားကနေ Miss  တစ်ယောက် ဖြစ်လာဖို့ ဘယ်လို  ရုန်းကန် ကြိုးစားခဲ့ရသလဲဆိုတာ မော်ဒယ် အိမ့်မျက်ခြယ်က အခုလို ပြောပြပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒတွေကတော့ ငယ်ငယ်တုန်းက ဦးနှောက်က နုသေးတယ်ပေါ့နော်။ အတွေးအခေါ်ကလဲ မရင့်ကျက်သေးတဲ့ အခါကျတော့ သူများဖြစ်ချင်တာမျိုးတွေ အရမ်း ဖြစ်ချင်တယ်။ ဘာပဲဖြစ်ဖြစ် အမှတ်ကောင်းရင် ဆရာဝန်ကြီး ဖြစ်မယ်။ အင်ဂျင်နီယာကြီး ဖြစ်မယ်။ အထူးသဖြင့် ဆရာဝန်ကြီး တစ်ယောက် အရမ်းဖြစ်ချင်ခဲ့တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ကြိုးစားခဲ့တယ်။

ဒါပေမယ့် တကယ်အရွယ် ရောက်လာတဲ့ အခါကျတော့ အတွေးတွေက အမျိုးမျိုး ပြောင်းလာပြီးတော့ ရှစ်တန်းကိုးတန်းလောက်မှာ ဘာဖြစ်ချင်လဲဆိုတော့ CID  အရမ်းဖြစ်ချင်ခဲ့တယ်။ CID ထဲအရမ်းဝင်ချင်တာ။ ဒါပေမယ့် ဆယ်တန်းနှစ်လောက် ရောက်သွားတော့ ညီမ ကျန်းမာရေး သိပ်မကောင်းဘူး ဖြစ်သွားတယ်။ အမှတ်ကောင်းအောင်တော့ အားကုန်ကြိုးစားချင်တယ်။ အမှတ်ကောင်းကောင်းနဲ့ အောင်ရင် ဂုဏ်ရှိတယ်ပေါ့နော်။  ဆယ်တန်းကို အမှတ်ကောင်းရင် ငါဂုဏ်ရှိတယ်။ အမေလည်း ဂုဏ်ရှိမယ်။ ကြိုးစားဖြစ်ချင်စိတ် အရမ်းများသွားတဲ့ အခါကျတော့ ဆယ်တန်းနှစ်မှာ ကိုယ့်စိတ်ကို လူက လိုက်မမီဘူး။ ညတွေ မအိပ်ဘူး အဲလို ဖြစ်လာတဲ့ အခါကျတော့  ဒီသုံးလပိုင်း ဆယ်တန်းစာမေးပွဲ ဖြစ်မယ်ဆိုရင် နှစ်လပိုင်းမှာ ညီမ အိမ်ပြန်ပြီး နားလိုက်ရတယ်။ အဲလိုမျိုး ဆရာဝန်တွေက မဖြစ်တော့ဘူး။ ဖြစ်နိုင်ရင် ကလေးကို ပေးနားလိုက် ဆိုပြီးတော့ အဲအခြေအနေအထိအောင် ဖြစ်သွားတယ်။

ဒါပေမယ့် ညီမတို့  မိသားစု အခြေအနေကြောင့် အဖေက ကျန်းမာရေး သိပ်မကောင်းတော့ တော်တော် လေးကို မကောင်းတဲ့ အခြေနေကျတော့ ညီမတို့ နယ်ပဲ ပြန်ပြောင်းဖို့ စီစဉ်ထားတော့ အမေတို့က နယ်ပြောင်းသွားလို့ ရှိရင် ပညာရေးက ဒီရန်ကုန်လောက် အဆင်မပြေနိုင်တော့ဘူး ဆိုပြီး သမီးရယ် ဖြေလိုက်ပါ ဆိုပြီး စာမေးပွဲဖြေဖို့ ဆယ်ရက် ဆယ်ငါးရက် လောက် အလိုမှာ စာ ကမန်းကတန်း ကျက်ပြီး ဖြေလိုက်ရတယ်။ အဲတော့ အခြေနေက လုံးဝပြောင်းလဲ သွားတယ်။ကိုယ်အရမ်းဖြစ်ချင်တာ များပြီး လူက မလိုက်နိုင်ဘူး။

ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ များပြီး အခုနကလို မမျှော်လင့်တဲ့ လောကဓံလိုပဲ ပြောရမှာပေါ့။ အဲလို ကြုံတွေ့ရတဲ့အခါမှာ ညီမ ဘဝမှာ အဲဒီအချိန် အဲဒီအခါတုန်းက စိတ်ဓာတ်ကျတာတို့ စိတ်ပျက်သွားတာတို့ ဘဝကို အရှုံးပေးချင်တဲ့ စိတ်တွေရော ရှိခဲ့ဖူးလား။

အဲဒီအချိန်တုန်းက ဘာဖြစ်လဲဆိုတော့ ကိုယ့်ကိုကိုယ် အခြေအနေလဲ သိတယ်လေ။ အရင်ကတည်းက ကိုယ့်ကိုကိုယ် အားမရလို့ ဒီလိုမျိုး ရောဂါတွေ ဘာတွေ ရလာတာ ဆိုတဲ့ အခါကျတော့ အဲဒီအချိန်မှာ အကြာကြီးလဲ နားလိုက်တယ်။ သူများတွေ စာအသည်းအသန် ကျက်နေတဲ့ အချိန်မျိုးမှာ ညီမ အကြာကြီး နားလိုက်ရတယ်။ စာမေးပွဲ ဖြေတဲ့ အခါမှာ ညီမ ဘယ်လိုမှ စိတ်တိုင်း မကျတော့ဘူး။ ညီမ အရမ်းခြစ်ချ ပစ်ချင်တာ။ ဒါပေမယ့် အမေတွေက မှာထားတဲ့ သမီး မလုပ်နဲ့တော့ နောက်နှစ်ဆိုရင် ဘယ်လို မှ အဆင်မပြေတော့ဘူး။ အမေတို့တွေက ရွာမှာ ညီမတို့က မွန်ပြည်နယ် ဘီလူးကျွန်း အဲဒီကမှ မရမ်းဆိုတဲ့ ရွာမှာ။ အဲဒီရွာက အဖေတို့ အမေတို့ရဲ့ ဇာတိရွာပေါ့နော်။ အဲဒီမှာ ပညာရေးက အထက်တန်းကျောင်းကအစ ဟိုအဝေးကြီးကို သွားရတယ်။ အဲလိုမျိုးတွေ ဖြစ်တော့ ဘယ်လိုမှ အဆင်မပြေဘူး ဆိုတော့ ကဲနောက်နှစ် ဒီထက်ပိုဆိုးရင် ဒုက္ခပဲ ဆို အဲတာနဲ့ ဖြေခဲ့ရတာ။  အဲစာမေးပွဲပြီးကတည်းက လုံးဝ မပျော်ဘူး။ ဘာဖြစ်လို့ဆို ကိုယ်မှန်းထားတာက အများကြီး D ဆို  All D  လောက်ကို မှန်းထားတာ။  D  တစ်လုံးပဲ ပါတယ်။ အဲလိုပေါ့။ အမှတ်ပေါင်းကလည်း လိုချင်တဲ့ အမှတ်ထက်စာရင် အများကြီးနည်းတဲ့ အခါကျတော့ အရမ်းစိတ်ဓာတ်ကျသွားတယ်။

အဲဒီလိုမျိုး စိတ်ဓာတ်ကျတဲ့ အချိန်အခါတုန်းက ညီမ ဘဝမှာ ဖြစ်ချင်တာတွေကလည်း မဖြစ်နိုင်တော့ဘူးဆိုတဲ့ အခြေ နေမှာ ဘာဆက်လုပ်ဖို့ ညီမ စဉ်းစားခဲ့လဲ။

အဲဒီကြားထဲမှာတော့ အများကြီး ဖြစ်သွားသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမ ဆယ်တန်း ဖြေပြီးတဲ့ အချိန်မှာ ညီမ ဆယ်တန်းတုန်းက ဘော်ဒါတက်တာ။ အမေတို့က ဘော်ဒါထားတယ်။ ပြီးတော့ ဆယ်တန်းဖြေပြီးတော့ အမေတို့ နယ်ပြောင်းသွားတယ်။ ဆိုတော့ ညီမ စဉ်းစားတယ်။ ငါဘယ်လိုလုပ်ရမလဲ။ အမေတို့နဲ့ နယ်လိုက်ပြန်သွားပြီးရင်တော့ ရွာမှာ ဘာလုပ်စရာ ရှိလဲ။ ညီမတို့ရွာက ရာဘာထွက်တယ်။ ရာဘာချက်ရမယ်။ ကောက်စိုက်ရမယ်။ ကြီးကြီးတို့ဆို ကျွဲကော်ခြံတွေ ရှိတယ်။ ကျွဲကော်ခြံမှာ ပေါက်တူး တစ်လက်နဲ့ အချိန်ကုန်မယ်။ ဒါဆို ငါ့ဘဝကြီးက ဒီလိုပဲ ပြီးသွားမှာပေါ့။ မဖြစ်ဘူး ဆိုပြီးတော့  အဲတာနဲ့ အမေတွေ ပြန်သွားတယ်။

အဲဒီအချိန် ဆယ်တန်း ဖြေပြီးလောက်ဆို ညီမ ဘယ်အရွယ်ရှိအုံးမလဲ ၁၅/၁၆ နှစ်ပေါ့။ အဲဒီအရွယ်လေးမှာတင် ညီမ ရန်ကုန်မှာ တစ်ယောက်တည်းနေခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ ဆိုတော့ အမေတွေက စိတ်မချဘူး။ စိတ်မချတော့ အသိတွေ အိမ်မှာပဲ ထားခဲ့မယ်ပေါ့။ တက္ကသိုလ်တက်မယ်။ Day  တက်မယ်ပေါ့။ အဲဒီတုန်းက အမှတ်က အီးမေဂျာ အမှတ်တော့ မီတယ်။ အင်္ဂလိပ်စာ အဓိက ယူထားတယ်။ ထားတဲ့အခါကျတော့ ဘာဖြစ်သလဲဆိုတော့ အရွယ်ရောက်ခါစ မိန်းကလေးပေါ့နော်။ ထားထားတာ သူတို့ အရမ်းတာဝန်ကြီးတယ်ပေါ့။ တစ်ခုခုသာ လွဲချော်သွားရင် မဖြစ်ဘူး ဆိုပြီးတော့ အိမ်ရှင်တွေ တော်တော်များများက မျက်နှာ မကောင်းဘူး။ ဒီအတိုင်းဆိုရင်တော့ မဖြစ်ဘူးပေါ့နော်။ ရွာမှာကျတော့လည်း အဖေက ကျန်းမာရေး မကောင်းတဲ့ အတွက် ဒီစီးပွားရေးကို ဦးဆောင်လုပ်ပေးမယ့်သူကလည်း မရှိဘူး။ ဒီအမျိုးတွေကပဲ ထောက်ပံ့နေတာ ဖြစ်တော့ ဒါဆို မိသားစု Imcome  လည်း မရှိဘူး။ အဲဒီတော့ အမေတွေ ဖေတွေလက်ထဲမှာ သူတို့မှာ သုံးစရာ ပိုက်ဆံရယ်လို့ မရှိဘူး။

အဲတာနဲ့ ပထမတစ်နှစ်ကိုတော့ ညီမ Day  တက်ဖြစ်လိုက်တယ်။ ပြီး ဒုတိယနှစ်ကစပြီး ညီမ အဝေးသင်ပြောင်းလိုက်တာ။ အဝေးသင်ပြောင်းလိုက်ပြီးတော့ အမျိုးတွေ အိမ်မှာလည်း မနေတော့ဘူး ညီမ ဆယ်တန်းတုန်းက တက်ခဲ့တဲ့ ဘော်ဒါမှာ ညီမ ဂိုက်သွား ပြန်လုပ်တယ်။ အဲဒီမှာကျတော့ ဂိုက်အမျိုးသမီးတွေကို ညဘက် ပေးအိပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေ ညဘက်ပြန်ရင် အဆင်မပြေဘူး ဆိုတော့  အဲဒီတော့ မနက်ကိုးနာရီကနေ ညနေ ငါးနာရီ အထိကို ညီမက Myanmar Naing Group  ဆိုတဲ့ ကုမ္ပဏီမှာ အငယ်တန်း စာရင်းကိုင်ပေါ့။ စာရင်းကိုင် ဝင်လုပ်တယ်။ ပြီးရင် ၅ နာရီ ရုံးဆင်းပြီ ဆိုတာနဲ့ ခြောက်နာရီမှာ စာစသင့်ဖို့အတွက် ညနေ ၆ နာရီကနေ ည ၁၁နာရီထိက ဂိုက်သင်ရတယ်။ အဲတော့ ၅နာရီကနေ ၆နာကြားမှာ ဆူးလေကနေ ၈မိုင်မှာ ရှိတဲ့ ဘော်ဒါကို ပြန်ရတယ်။ အဲဒီကြားထဲမှာပဲ စားရသောက်ရတယ်။ အဝတ်အစားလဲ ရတယ်။ အဲဒီအချိန် တစ်နာရီတွင်း ညီမလောက်အောင် လုပ်ပြီးတော့ ရုန်းကန်ရတာပေါ့နော်။

အဲဒီအချိန်မှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ အရာကို ညီမမှာ ဦးစားပေးဖို့ အခြေအနေ မပေးသေးဘူး။ ငါဘာလုပ်ရမလဲ ပိုက်ဆံရှာရမယ်။ ဒါမှ အိမ်ကို ပြန်ပို့နိုင်မှာ ဆိုပြီးတော့  အဲဒီအချိန်မှာတော့ ပိုက်ဆံရှာဖို့ပဲ အာရုံရှိတာပေါ့နော်။ အဲဒီအခါကတော့ ညဘက် ဒီဘော်ဒါကနေ ရတဲ့ ပိုက်ဆံကို ညီမ စားသောက်တယ်။ နေ့ခင်းဘက် ရုံးကရတဲ့ ပိုက်ဆံကို အိမ်ကို ပြန်ပို့ပေးတယ်။ 

အခက်ခဲအတွေကြားမှာပဲ အချိန်ကိုလုရင်းနဲ့ ရုန်းကန်ကြိုးစားခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ယခင်က ဝန်ထမ်းအလုပ်ကို လုပ်ကိုင်ရင်းနဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာဖို့အတွက် စတင်ကြိုးစား ဖြစ်ခဲ့ပုံကိုလည်း ရှင်းပြခဲ့ပါတယ်။

ဘယ်လိုဖြစ်သွားလဲဆိုတော့ ဗိုလ်ချုပ်ဈေးမှာပေါ့နော်။ Customer  တွေ မလာတဲ့ အချိန်လဲ ရှိတယ်ပေါ့နော်။ အားတဲ့ အချိန်တွေ ထိုင်နေတဲ့ အချိန်တွေမှာ စဉ်းစားကြည့်တယ်။ ငါတစ်နေ့တာ အချိန်တွေကို ပေးထားရပြီးတော့ငါရတဲ့ လစာလေးက ခြောက်သောင်းပေါ့နော်။ အဲတော့ ဒီထက်လည်း ပိုပြီးတော့ ကိုယ့်မှာ အလုပ်လုပ်စရာ အချိန်လည်း မရှိတော့ဘူး။ ဒါပေမယ့် ဒီထက်လည်း ပိုပြီး ပိုက်ဆံရဖို့ မရှိဘူးပေါ့။ စဉ်းစားတယ်။ ငါဘာလုပ်ရင် ကောင်းမလဲပေါ့နော်။ ငါဝါသနာပါတဲ့ အလုပ်လဲ ဖြစ်ရအုံးမယ်။ ဝင်ငွေကောင်းတဲ့ အလုပ်လည်း ဖြစ်ရအုံးမယ်။ စဉ်းစားတော့ ညီမ သရုပ်ဆောင်တာ အရမ်းဝါသနာပါတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ငယ်ငယ်ကတည်းက ဝတ္ထုစာအုပ်တွေ ကားတွန်းစာအုပ်တွေ ဖတ်တယ်။ ဖတ်ပြီးတော့ ညအိပ်ပြီဆိုတာနဲ့ စိတ်ကူးတွေ ယဉ်တော့တာပဲ။ လုံးဝ မျောနေတာ လူက တစ်ခါတလေမှာပေါ့နော်။ လုံးဝ ဇာတ်ကောင်ထဲမှာ မျောပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကောင်တစ်ယောက်အနေနဲ့ ပါပြီးတော့ အဲလိုလေးမှ ညီမ အိပ်တာ။ ညတိုင်း ညီမ အကျင့်လို ဖြစ်နေတဲ့ အခါကျတော့  ပြီးတော့ အကယ်၍ ဒီအလုပ်မှာ ငါလမ်းကြောင်းတစ်ခုခုတွေ့ပြီးတော့ လုပ်လို့ရခဲ့ရင်ပေါ့နော်။ ဒီအလုပ်က ဒီနေ့အားတယ်၊ ဒီနေ့ရိုက်ချင်တယ်ဆိုရင် လက်ခံလို့ရတယ်။ ကိုယ့်အချိန်ကို ကိုယ် Control  လုပ်လို့ရတယ်။ ပြီးတော့လည်း ဝင်ငွေက ဒီထက်စာရင် များနိုင်တယ်ဆိုတဲ့ စဉ်းစားပြီး အဲတာနဲ့ အဲဒီအချိန်မှာ အတွေးပေါက်သွားပြီး အဲတာနဲ့ အမေတို့ကို ခွင့်တောင်းတယ်။ အမေပေါ့နော်။ သမီးအဲလို လုပ်ချင်တယ်ပေါ့။ ဟယ် ငါတို့မျိုးရိုးထဲမှာလဲ ဘာမှ ဘယ်သူမှ မရှိဘူး။ သမီးဘယ်လိုလုပ်မှာလဲတဲ့။

အဲတာနဲ့ တစ်ခုကောင်းတာက ညီမကို ငယ်ငယ်ကတည်းက သမီး အကြီးဆုံးလည်း ဖြစ်တော့  အရမ်းနေရာ ပေးတယ်။ ညီမအတွေးအခေါ်တွေ ညီမ အယူဆတွေကို သူတို့ အမြဲ လက်ခံတယ်။ ညီမ အတွေးအခေါ်တွေ ယူယူသုံးပေးတယ်။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ သမီး၊ သမီးဘယ်လိုလုပ်ဖို့ စဉ်းစားထားလည်း မိဘဆိုတော့ တားချင်ကြတယ်။ စလုပ်မယ်ဆိုတော့ မိဘတိုင်း၊ မိဘတိုင်း တားချင်ကြတယ်။ သားသမီးကို ထိန်းမနိုင်မှသာ လွှတ်ပေးလိုက်ရင် အောင်မြင်သွားတာ များတာကိုး။ ဒီလိုလုပ်မယ်။ သမီးအခု စုံစမ်းထားတာ ရှိတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ သရုပ်ဆောင် သင်တန်း ဖွင့်မှာ ရှိတယ်။ အဲဒီမှာ သမီး သရုပ်ဆောင်သင်တန်း သွားတက်မယ် ဘာပဲ ဖြစ်ဖြစ် အစည်းအရုံးထဲမှာ သင်တန်းတက်တဲ့ အခါကျတော့ အဆက်သွယ်လည်း ပိုရနိုင်တယ်ပေါ့နော်။ ဒီလောကထဲလည်း ထဲထဲဝင်ဝင် ပိုသိနိုင်တယ်။ အမေသမီး တက်ချင်တယ်ဆိုတော့ အေးအေး အဲဒါဆိုရင်လည်း သမီးစမ်းလုပ်ကြည့် ဆိုတာနဲ့ စုထားတဲ့ ပိုက်ဆံတွေ အမျိုးတွေက မုန်းဖိုးပေးထားတဲ့ ပိုက်ဆံတွေ ရှိတယ်။ အဲပိုက်ဆံနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းရုံး ၁/၂၀၁၃ မှာ သွားတက်တာ။

တက်တဲ့ အခါကျတော့ အဲမှာလည်း အရမ်းကြိုးစားတော့ ဆရာတွေက အရမ်း သဘောကျတယ်။ အဲဒီအချိန်မှာ တစ်ချို့က အကြံဉာဏ်ပေးတယ်ပေါ့နော်။ ညီမတဲ့ သရုပ်ဆောင်လောကထဲ ဝင်တယ်ဆိုတာ အရမ်းခက်ခဲတယ်တဲ့။ စဝင်တဲ့အခါမှာ နေရာကောင်းကောင်း မရလို့ ရှိရင် ဒီနေမှာပဲ သေသွားရောတဲ့။ အဲတော့ ညီမကို Roll  ကောင်းကောင်း ရအောင်ဆိုရင် ညီမ မော်ဒယ်လ်လုပ်ပါလားတဲ့။ အကယ်၍ မော်ဒယ်လ်ဆို ဘာပဲ ဖြစ်ဖြစ် နာမည်လေးတစ်ခုရှိ နေရာလေးတစ်ခု ရတဲ့ အခါကျရင်  ဘာပဲဖြစ်ဖြစ် ဒီလောကထဲ ဝင်လို့ကောင်းတာပေါ့တဲ့။ မျက်နှာပန်းလှတာပေါ့ဆိုတဲ့ အဲလိုအကြံဉာဏ်ပေးကြတယ်။ အဲတာဆို ဒါဖြစ်နိုင်တယ်ဆိုတဲ့ ညီမ တီချယ်တင်မိုးလွင်ရဲ့ မော်ဒယ်လ် အေဂျင်စီမှာ သွားတက်တယ်။ Special 27 ပေါ့ ညီမ ၂၀၁၄ လောက်မှာ အဲမှာ မော်ဒယ်လ် သင်တန်း သွားတက်တယ်။ အဲမှာ စပြီးတော့ တီချယ်မိုးရဲ့ လမ်ညွှန်ချက်နဲ့ Miss Golden Land  myanmar 2014  ကို သမီးတဲ့ ဝင်ပြိုင်ပါလားတဲ့။  နင်ပြိုင်ပွဲ အတွေ့အကြုံလဲ မရှိသေးဘူးတဲ့။ ဒီပြိုင်ပွဲက Organizar  ကောင်းလေးနှစ်ယောက်ပေါ့နော်။ တီချယ်အနေနဲ့တော့ ကောင်လေးနှစ်ယောက်ပေါ့။ ကောင်လေးနှစ်ယောက်က အရမ်းတော်တယ်။ တီချယ်နဲ့လည်း သိတယ်။ တီချယ်အပ်ပေးမယ် ဆိုပြီး အဲတာနဲ့ အခု Miss Golden Land  ရဲ့ Organizar   နှစ်ယောက်ဖြစ်တဲ့ ဆရာဇော်လတ်နဲ့ ဆရာ ဝေအောင်တို့ကို အပ်ပေးပြီးတော့ အဲမှာ မနှစ်ကစပြီးတော့  ပြိုင်ပွဲ ဝင်ပြိုင်ရင်းနဲ့  Miss  လောကထဲကို ရောက်လာတာ။

အဲလိုမျိုး ကိုယ်မလုပ်ဘူးသေးတဲ့ လမ်းကြောင်းတစ်ခုကို စရွေးလိုက်တဲ့ အချိန်မှာ ညီမ စိတ်ထဲမှာ စိုးရိမ်စိတ်တို့  ပြီးတော့ ငါလုပ်ရင် ဖြစ်မှ ဖြစ်ပါ့မလားဆိုပြီးတော့ ကိုယ့်ကိုကိုယ်ပေါ့နော်။ စိုးရိမ်တဲ့ စိတ်တွေကော မဖြစ်ခဲ့ဘူးလား။

ညီမ ဘယ်လိုပြောရမလဲ ဆိုတော့လေ။ အဲလိုမျိုး ကိုယ်တစ်ခုခု အရမ်းဖြစ်ချင်လာပြီဆိုရင်လေ ကျန်တာတွေ ဂရုမစိုက်တော့ဘူး။ အဲလိုမျိုး စိုးရိမ်စိတ်တွေလည်း ညီမဆီကို ဝင်မလာဘူး။ ဘယ်လိုခေါ်မလဲပေါ့နော်။ ညီမက သူများနဲ့ မတူတာ တစ်ခုတော့ ရှိတယ်။ ကောင်းတာပဲလား  ဘယ်လိုပြောရမယ်တော့ မသိဘူး တစ်ချို့က ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ နှစ်ခုရှိလာရင် ဖြစ်သင့်တာကို ဦးစားပေးပြီး လုပ်ရမယ်တဲ့။ ဒါပေမယ့် ညီမ အဲစကားကို စဉ်းစားကြည့်တယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အလုပ်နှစ်ခု လုပ်မယ် ဘယ်အလုပ်ပဲ လုပ်လုပ် အခက်ခဲဆိုတာ တွေ့မှာပဲ အစ်ကိုရယ်။ အဲတော့ ကိုယ်က ဖြစ်သင့်လို့ ရွေးချယ်လိုက်တဲ့ အလုပ်တစ်ခုမှာလဲ အခက်ခဲတွေ့တာလဲ ရှိမယ်။ ကိုယ်ဖြစ်ချင်လို့ လုပ်လိုက်တဲ့ အလုပ်တစ်ခုမှာလဲ အခက်ခဲတွေ့တာ ရှိမယ်။ အဲဒီအခါကျရင် ညီမတို့ အခက်အခဲတွေကို ဖြေရှင်းရတော့မယ့် အခါကျရင် ကိုယ်တကယ်ဖြစ်ချင်လို့ ကိုယ်တကယ်မြတ်နိုးလို့ ရွေးချယ်လိုက်တဲ့ အလုပ်အပေါ်မှာ အခက်ခဲတွေ့ပြီဆိုရင် ညီမ ဒီအခက်ခဲကို ဖြေရှင်းဖို့ စိုက်ထုတ်ရမယ့် ခွန်အားက အရမ်းပြင်းထန်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တကယ် ဖြစ်ချင်လို့  ကိုယ်တကယ်မြတ်နိုးတဲ့ အလုပ်ဖြစ်တဲ့ အတွက် ကိုယ်တကယ် မြတ်နိုးလို့ လုပ်လိုက်တဲ့ အလုပ်က  အခက်ခဲဖြစ်လာရင်  ငါဘာလုပ်ရမလဲ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်ပေါ်မှာ ကိုယ်ရဲ့ မြတ်နိုးမှုတွေ ကိုယ့်အမြင် လုံးဝမရှိတဲ့ အတွက် ဒီအခက်ခဲတွေ ဖြေရှင်းတဲ့ အခါမှာ အရမ်းကြီး ဖြစ်သင့်တဲ့ အလုပ်ပေါ်မှာ အခက်ခဲတွေ ပိုများမယ်လို့ ထင်တယ်။ ဒါကြောင့်မိုလို့ ညီမ ကိုယ်ဖြစ်ချင်တဲ့ အလုပ်ကိုပဲ ဦးစားပေးတယ်။ ကိုယ်ဖြစ်ချင်တဲ့ အလုပ်ပေါ်မှာပဲ ဘယ်လိုလုပ်မလဲ ဒီအလုပ်ပေါ်မှာ Error  နည်းအောင်။ ဒီအလုပ်ပေါ်မှာ ဒီထက်ပိုပြီးတော့ ကောင်းမွန်လာအောင် တိုးတက်လာအောင်  ဘယ်လိုလုပ်မလဲဆိုတာ ညီမ အဲလိုပဲ အမြဲစဉ်းစားတယ်။ ဒါကြောင့် မို့ ညီမလုပ်ခဲ့တဲ့ အလုပ်တွေ အတော်များများက ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးတာ တော်တော်များတယ်။

သူမရဲ့ ဘဝမှာ တစ်နေ့တာ လှုပ်ရှား သွားလာမှုတွေကို သာမန် မိန်းကလေး တစ်ယောက်လိုပဲ ပေါ့ပေါ့ပါးပါး သွားလာ လှုပ်ရှားလေ့ ရှိပါတယ်။ မော်ဒယ်လ်တစ်ယောက် ဖြစ်လာတဲ့ အချိန်မှာလဲ အရေးကြီးတဲ့ အချိန်တွေကလွဲပြီး သာမန်အချိန်တွေကို ဘတ်စ်ကားနဲ့ပဲ သွားလေ့ရှိတယ်လို့ ပြောပြပါတယ်။

ဒီလောကထဲ စဝင်တော့ အခက်အခဲက ဘာလဲဆိုတော့ အဓိက ငွေကြေးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညီမက စုထားတဲ့ ပိုက်ဆံတွေကလည်း သင်တန်းတွေ တက်လိုက်ပြီ။ ပြီးတော့ ညီမကလည်း ဘာအလုပ်မှ မရှိသေးတဲ့ အတွက် ဝင်ငွေ ကမရှိဘူး။ အဲအချိန်မှာ အဝတ်အစားကတော့ ထားပါတော့ အစ်ကိုရယ် ရှိတာနဲ့ လှအောင် ဝတ်လို့ရတယ်ပေါ့နော်။ ညီမ အဲလိုမျိုး မဂ္ဂဇင်းတွေ ဖတ်တာလည်းများတော့ ကိုယ့်မှာ ရှိတာနဲ့ လှအောင် တွဲစပ်ပြီး ညီမဝတ်တယ်။ အဓိက သွားတဲ့လာတဲ့ ပြဿနာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တီချယ်တင်မိုးတို့ရဲ့ မော်ဒယ်အေဂျင်စီမှာ လုပ်တဲ့အခါကျတော့ ပွဲတွေ သွားရတယ်။ ဆီဒိုးနားမှာ ပွဲတွေ လုပ်တယ်။ ထရိတ်ဒါးမှာ လုပ်တယ်။ တစ်ခါတလေကျရင် ဟိုဘက် MCC  တို့ထိ အဝေးကြီးတွေပဲ သွားရတယ်။ အဲဒီအခါကျတော့ ဘာတွေ ဖြစ်လဲဆိုတော့ အမြဲတမ်း ပွဲတွေ သွားနေရတာဆိုတော့ ညီမမှာ တက္ကစီခ  မရှိတော့ဘူး။ သူများလို တက္ကစီ မစီးနိုင်ဘူး။ ပြီးတော့ လက်ထဲမှာ ပိုက်ဆံရှိရင်တောင် ညီမ တက္ကစီ မစီးလိုက်ရဲဘူး။ အစ်ကိုရယ် ဒီကနေ ဟိုကို ဒီကိုသွားမယ်။ လိုင်းကားခ ၂၀၀ လောက်ပဲ ကုန်မယ့် အရာကို တက္ကစီခ ဆိုရင် ၂၀၀၀ လောက် ကုန်တယ်။ ဆယ်ဆလောက် ကွာနေတယ်ဆိုတော့ ပြီးရင် အသွားအပြန်ဆို ၄၀၀၀ လောက်ကုန်မယ်ပေါ့။ ပြီးတော့ မော်ဒယ်လ် အစပိုင်း ဖြစ်တဲ့အတွက် ဝင်ငွေလည်း ကောင်းကောင်း မရှိဘူး။ ပြီးတော့ ရတဲ့ပိုက်ဆံကလည်း အရင်တုန်းက ဗိုလ်ချုပ်ဈေးမှာ လုပ်တော့အမေတို့ကို ပိုက်ဆံ ကောင်းကောင်း ပြန်အပ်နိုင်တယ်။ ဒီမော်ဒယ်လ် လုပ်တော့ ရတဲ့ပိုက်ဆံက အစပိုင်းမှာ နည်းနည်းလေးပဲ ရှိသေးတာဆိုတော့ အိမ်ကို ပြန်အပ်တဲ့ အခါမှာ လက်ထဲမှာ အများကြီး မကျန်ဘူး။ အဲအခါကျတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးပေါ့နော်။

အဲတာနဲ့ နောက်ဆုံး ဆီဒိုးနားမှာ ပွဲတွေ လုပ်ပြီဆိုလို့ ရှိရင် အကုန်လုံး အဝတ်စားတွေလဲတယ်။ ညီမ အဝတ်တစ်ရှုးထုပ်လေး အမြဲသယ်သွားတယ်။ ပြီးလို့ရှိရင် သူများတွေ ကြည့်လိုက်တယ်။ အကုန်လုံးက အိမ်က လာကြိုတဲ့ ကားနဲ့ ပြန်သွားတာ ရှိတယ်။ တစ်ချို့ကျတော့လည်း ကိုယ်ပိုင်ကားမောင်းပြီးတော့ ပြန်သွားတဲ့ လူတွေ ရှိတယ်။ တစ်ချို့ကျတော့လည်း ကိုယ်စရိတ်ထုတ် တက္ကစီငှားပြီးတော့ ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ အဲတော့ ဒီလူတွေ အကုန်လုံးထိ ညီမ ထိုင်စောင့်တာ။ ဟိုလူကို စောင့်သလိုလို ဒီလူကို စောင့်သလိုလို။ Toilet  ထဲဝင်ပြီးတာနဲ့ ညီမမျက်နှာပေါ်က မိတ်ကပ်တွေ အကုန်ဖျက်တယ်။ ဖျက်လိုက်တော့ အဝတ်စားလည်း လဲလိုက်တယ်ပေါ့နော်။ ပြီးတော့ ကိုယ့်အိတ်ကို စွဲပြီးတော့ ဆီဒိုနားရှေ့က လမ်းနီ မှတ်တိုင်မှာ လိုင်းကား သွားစီးတာ။ အဲဒီအချိန်မှာ အရမ်း ရှက်တာပေါ့နော်။ စစချင်းဆိုတော့ ဟယ်ဒုက္ခပဲ ငါ့လိုင်းကားစီး သူများတွေ ငါ့ကို ပြောကြမလားပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီလောကဆိုတာ အများအားဖြင့်လည်း ဝတ်နိုင်စားနိုင်တဲ့သူ သုံးနိုင်ဖြုန်းနိုင်တဲ့ သူပဲ များတော့ ရှက်တာ။ အဲဒီအချိန်ကတော့ ပွဲပြီးလို့ ပြန်ခါနီး အချိန်ဆို ညီမ ချွေးပြန်ဆုံး အချိန်ပဲ။

ဘာပဲပြောပြော ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ဖို့အတွက် ကျရာ ဘဝကနေ အကောင်းဆုံး ကြိုးစားခဲ့တာကြောင့်လဲ အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ အဆင့်သင့် ဖြစ်နေခဲ့တာလို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ သူမဟာပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရတာလဲ  နှစ်သက်တယ်လို့ ပြောပြပါတယ်။

ညီမအနေနဲ့  အခုန မမိုးဆီ ရောက်ခဲ့ပြီးမှ ပြိုင်ပွဲတွေ ပြိုင်ခဲ့တယ်။ Miss Earth Of 2015  ကိုရော ဘယ်လိုမျိုး ရည်ရွယ်ချက်နဲ့ ပြိုင်ဖြစ်သွားတာလဲ။

မနှစ်က Miss Golden Land  myanmar 2014   ဝင်ပြိုင်တယ်။ ဝင်ပြိုင်တဲ့ အခါကျတော့ အဲအချိန်တုန်းက အဲဒီမှာ Crown  ငါးခုရွေးတယ်။ ငါးခုထဲမှာ ဘယ်အရာကို ရရစေဆိုတဲ့ စိတ်နဲ့ ဝင်ပြိုင်ခဲ့တာ မဟုတ်ဘူး။ အဲမှာ ဝင်ပြိုင်တယ်။ အရမ်းကြိုးစား ပြီးတော့ပေါ့လေ။ အဓိက ကတော့ ညီမ နည်းနည်း ပြည့်သေးတယ်။ ပြည့်သေးတော့ ဟာ Miss  ဆိုတာပေါ့နော်။ အများအားဖြင့်တော့ Begin Round  တွေ ပြိုင်ရတယ်။ အဲဒီအခါကျတော့ အရမ်းကို သွယ်လျပြီး လှနေမှ ဖြစ်မှာ အစ်ကိုရယ်။ အဲဒီအချိန်တွေကြတော့ တအားကုန်ကြိုးစား အစာအိမ်တွေ ပျက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိတ်ချတဲ့နည်းတွေ မမှန်တော့လေ အဲလိုမျိုးတွေ ဖြစ်ပြီး ကြိုးစားခဲ့တယ်။ First Runner  ပဲရတယ်ပေါ့နော်။

ကဲပြီးသွားပြီပေါ့ နောင်နှစ် ထပ်ပြိုင်ပါလားတဲ့ ဆရာတွေကမေးတယ်။ ပြိုင်ပွဲ အသေးလေး တစ်ပွဲလောက် သွားပြိုင်ပါလားပေါ့။ နောင်နှစ်လည်း ပြိုင်မှာဆိုတော့  ဘာပဲဖြစ်ဖြစ် experience ရတယ်တဲ့။ ပြီးတော့ ဆရာတို့ဆီက ရွေးချယ်ထားတဲ့ First Runner Earth  ကို လွတ်ပေးပါဆိုပြီးတော့တဲ့ အာဆီယံ ပွဲတစ်ပွဲက တောင်းဆိုထားတာ ရှိတယ်တဲ့။ အဲတာ သမီးသွားပြိုင်မလားဆိုတော့ ပြိုင်မယ်ဆရာ သမီး အတွေ့အကြုံရတယ်ဆိုပြီး အဲတာနဲ့  ထိုင်းမှာလုပ်ခဲ့တဲ့ Miss South Asean  2014  ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားပြိုင်ခဲ့တယ်။  အဲဒီမှာလဲ အတွေ့အကြုံတွေ အများကြီး ရလာခဲ့တယ်ပေါ့နော်။  အဲဒီကနေမှတစ်ဆင့် ကြည့်လိုက်တော့ Miss  တွေ ငါးယောက်ပေါ့နော်။ ညီမ First Runner  ရတဲ့နှစ် Miss  ငါးယောက်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဘယ်သူရဲ့ Mission  ကိုလုပ်နေကြတာလဲ။ ဘယ်ပြိုင်ပွဲတွေ ဘယ်လို အဓိပ္ပာယ် ပြည့်ဝတယ်ပေါ့နော်။

အဲအချိန်မှာ Miss Earth  ပြိုင်ပွဲတွေက အခြားပွဲတွေကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ အများအားဖြင့် အခြားပွဲတွေက  ဖက်ရှင်ပိုင်းနဲ့ အလှပပိုင်းကို အထူးသဖြင့် စတိပ်မှာ ပြိုင်ရတဲ့ အမှတ်ကို ဦးစားပေးတာ များတယ်။ Miss Earth  ကြတော့ မဟုတ်ဘူး။ ညီမတို့ Miss Earth  ပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲကာလ ရှိတယ်။ ညီမတို့ သွားတုန်းကဆိုရင် ရက်ပေါင်း ၂၀ ကျော်ကျော်လောက် နေခဲ့ရတယ်။ အဲဒီအခါကျတော့ ဒီကြားထဲမှာ challenge တွေ အများကြီးရှိတယ်။ environmental နဲ့ ပတ်သက်တဲ့ seminar တွေလည်း တက်ရတယ်။ ပြီးရင် ညီမတို့ကိုယ်တိုင်ကလည်း presentation အများကြီးလုပ်ရတယ်။ အဲလိုမျိုးတွေလုပ်ပြီးတော့ အရင်နှစ်က အစ်မ မအိမွန်ခိုင် ပြိုင်ခဲ့တာ တွေ့ရတယ်။ ပြီးတော့ ဒီပြိုင်ပွဲကြီးကလဲ အခုမှ မနှစ်ကဆို ၁၄ ကြိမ်ပဲ ရှိသေးတယ်။ ဒါပေမယ့် အရမ်းကို ရည်ရွယ်ချက်ကောင်းနေတာ ဖြစ်တဲ့အတွက် အခြားအနှစ် လေးငါးဆယ် သက်တမ်းရှိတဲ့ ပြိုင်ပွဲတွေကို ကျော်ပြီးတော့ သူက နေရာရလာတာပေါ့နော်။ အခုကမ္ဘာပေါ်မှာဆို miss universe ပြီးရင်  Miss Earth  ပဲပေါ့နော်။ အဲလိုနေရာရလာတယ်ဆိုတော့ ဟာဒါဆိုရင် ဒီပွဲမှာ ငါပြိုင်လိုက်ရမှ ဖြစ်မယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် Miss  တစ်ယောက်တော့ ဖြစ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါးလေး ငါပြိုင်ပွဲကို လှလှပပလေးနဲ့ အဲလိုပြီးသွားတာလဲ မဖြစ်စေချင်ဘူး။ တကယ့်ကို အားရပါးရ လှုပ်ရှားခဲ့တယ်။ ရုန်းကန်ခဲ့တယ်။ ကိုယ့်ဘဝကို မှတ်တိုင်တွေ အများကြီး စိုက်ထူပြီးမှ ပြိုင်ခွင့်ရတဲ့ Miss  ဖြစ်ချင်တယ်။ အဲတာကြောင့်မို့လို့ Miss Golden Land  myanmar 2015 ကို စပြိုင်ခဲ့တယ်။ ညီမ Miss Earth  ရမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ညီမ ဝင်ပြိုင်ခဲ့တာ။

အဲဒီလိုပေါ့ ညီမ ဘဝမှာ ကိုယ့်မျှော်လင့်ထားသလို မဖြစ်ဘူး။ Frist Runner Earth လိုဟာမျိုးရသွားတဲ့ အချိန်မှာ အခုနက ခေါင်းထဲမှာ ဗလာကြီး ဖြစ်သွားတယ်လို့ ပြောတယ်လေ။ အဲတော့ နောက်ထပ်ရှေ့ဆက်ဖို့ ခြေလှမ်းတွေအတွက် ဘယ်လိုမျိုး စိတ်ကို အားမွေးပြီးတော့ ရှေ့ဆက်ခဲ့ရလဲ။

အဲဒီအချိန်မှာ အဲဒီ ဗလာကြီး ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာပေါ့နော်။ ညီမဆရာတွေနဲ့ စကားပြောဖြစ်တယ်။ ဆရာတွေက သမီးဒီနှစ် နင် အရမ်းကြိုးစားခဲ့တယ်။ ဒါပေမယ့် နည်းနည်း လွဲချော်မှုလေးတွေ ရှိတဲ့အတွက် နင်လိုအပ်သွားတာလေးတွေ ရှိလို့ နင်မရခဲ့ဘူးပေါ့။ ဒါပေမယ့် ဆရာတို့က သမီးရဲ့ ကြိုးစားအားထုတ်မှုကို သဘောလဲ ကျတယ်။ အသိအမှတ်လည်း ပြုတယ်။ ဒါကြောင့်မို့လို့ ဆရာတို့ဆီမှာ နောက်နှစ်ပြန်ပြိုင်ပါလားလို့ ဆရာတို့က ပြောတယ်။ ပြန်ပြိုင်ချင်လားပေါ့နော်။ ပြိုင်ချင်တယ်ဆို ပြိုင်လို့ရတယ်။ သမီး ပြင်ဆင်လို့ရတယ်ဆိုတော့ ဆရာတွေရဲ့ စကားနဲ့ပေါ့နော်။ အဲအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်ပြီး တက်ကြွလာတာ။ အဲဒီနောက်ပိုင်းပေါ့။ ဟုတ်တယ် ငါပြန်ပြိုင်လို့ရတယ်ပေါ့။ ဒီအတွေးနဲ့ပဲ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတယ်။ အဲနောက်ပိုင်းမှာ ဆရာတွေက အာဆီယံ ပွဲလေးကို လွတ်ပေးခဲ့တယ်။

အစ်ကို အခုနကပြောတဲ့ South Asean  ပြိုင်ပွဲပေါ့နော်။ အဲပြိုင်ပွဲမှာ ညီမ မြန်မာနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ သွားပြိုင်တယ်။  အဲဒီအခါကျတော့ International  ပွဲပေါ့နော်။ ပွဲကြီးတယ်။ သေးတယ်လို့ မဟုတ်ဘူး အတွေ့အကြုံ ကိုယ်ရခဲ့ ပြီးပြီ။ Golden Land  Trading  ကိုလည်း မနှစ်ကလည်း ယူထားပြီးပြီဆိုတော့ ဘယ်လိုခေါ်မလဲ လူတစ်ယောက်မှာ ကိုယ်ဆီမှာ လိုအပ်တဲ့ အချက်လက် တွေပြည့်စုံနေပြီဆိုရင် တိုက်ပွဲတစ်ခု တိုက်ရတော့မယ်ဆိုတဲ့ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အားကတော့ လုံးဝ အားအပြည့်ပဲ အဲဒီအချိန်မှာ အားတွေပြန်ပြည့်လာတယ် ဒီနှစ်အတွက် ကြိုးစားခဲ့တယ်ပေါ့နော်။

အဲဒီတော့ ညီမ ဘဝမှာပေါ့နော် ဟိုငယ်ငယ်လေးကတည်းက ခုချိန်ထိ ပရိတ်သတ်တွေကြားမှာ အသိမှတ်ပြုတဲ့ Miss  တစ်ယောက်ဖြစ်သွားတဲ့ အချိန်ထိ အမြဲကြိုးစားခဲ့တဲ့ အချိန်မှာ ဘယ်စိတ်က ညီမကို တွန်းအားဖြစ်စေတာလဲ။

ဘယ်စိတ်က ညီမကို တွန်းအားဖြစ်စေခဲ့လည်း ဆိုတော့ ငါလုပ်နိုင်တယ်ပေါ့။ အရင်တုန်းကတော့ ငါဘာပဲ ဖြစ်ဖြစ်လုပ်နိုင်တယ်ပေါ့။  သူတို့လုပ်နိုင်ပြီး ငါဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ အဲစိတ်နဲ့ ညီမ လုပ်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ ကိုယ်ကြိုးစားခဲ့တဲ့ အပေါ် အောင်မြင်တာတွေလည်း ရှိတယ်။ ကျဆုံးတာတွေလည်း ရှိတယ်။ မမျှော်လင့်တဲ့အရာတွေ ဖြစ်သွားတာတွေလည်း ရှိတယ်။ ဒီနောက်ပိုင်းမှာ ညီမ သီချင်းလေး တစ်ပုဒ်ပေါ့နော်။ FireWork ဆိုတဲ့ သီချင်း Katy Perry ဆိုထားတာပေါ့နော်။ အဲသီချင်းလေးထဲမှာ သူကပြောထားတာက အဓိက အဓိပ္ပာယ်ပြန်လိုက်ရင်တော့ ကိုယ်အတွက် ပြီးပြည့်စုံတဲ့ အောင်မြင်မှု  ကိုရောက်ဖို့ တံခါးတစ်ချပ် ဖွင့်ရမယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကိုယ့်အတွက် မှန်ကန်တဲ့ တံခါးကို ဖွင့်နိုင်ဖို့အတွက် အခြားတံခါးတွေက ပိတ်ထားပေးရတာလို့ ပြောတယ်။ အဲတော့ ညီမ အစွမ်းကုန် ကြိုးစားခဲ့ရဲ့သားနဲ့ မအောင်မြင်ခဲ့တဲ့ အရာတွေ ညီမ ကြိုးစားလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အရာတစ်ခုဆိုရင် ညီမ လက်လျော့တော့မယ်ဆိုရင် ဟုတ်တယ် ဒါဟာ ငါ့ရဲ့တကယ်စစ်မှန်တဲ့ အောင်မြင်မှုအတွက် ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်သေးဘူး။ ဒါကြောင့်မို့လို့ ဒီတံခါး ပိတ်နေတာ ငါ့အတွက် မှန်ကန်တဲ့ တံခါးတစ်ချပ်ရှိသေးတယ်ဆို ပြီးတော့ ညီမ အဲဒီစိတ်နဲ့ပဲ ကြိုးစားနေတာပေါ့နော်။

ကျွန်တော်တို့ ဒီအစီစဉ်ကို ကြည့်နေတဲ့ လူငယ်တွေထဲမှာလည်း ဘဝကို အောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့ သူတွေ ရှိပါတယ်။ အဲဒီလိုမျိုး လူငယ်အတွက် ညီမအနေနဲ့ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမျိုး အားပေးစကား ပြောချင်လဲ ခင်ဗျ။

ဟုတ်ကဲ့ စောစောက ပြောခဲ့သလိုပဲပေါ့နော်။ တံခါးတွေ ကိုယ်အတွက် မှန်ကန်တဲ့ တံခါးတစ်ချပ် တွေ့အောင် ကြိုးစားဖို့လိုပါတယ်။ ဒါပေမယ့် ဒီတံခါး  ကို တွေ့လာတဲ့အချိန်မှာ ကိုယ့်မှာ ဖွင့်ဖို့ သော့တစ်ချောင်းတော့ လိုတယ်လေ။ အဲတာကြောင့်မို့လို့ တံခါးကြီးတွေ့ရဲ့သားနဲ့  ဖွင့်စရာသော့မရှိလို့တော့ မဖြစ်ဘူးလေ။ ဒီတံခါးကို ဖွင့်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အရည်အသွေးတွေ အားလုံး ကိုယ့်လက်ထဲမှာ ပြည့်စုံအောင် ဖြည့်ဆည်းထားပါ ပြီးလို့ရှိရင် ကိုယ့်အတွက် မှန်ကန်တဲ့ တံခါးတစ်ချပ်ကို တွေ့နိုင်ဖို့အတွက် အခွင့်အရေးတွေကို အမြဲရှာဖွေနေပါလို့ ပြောချင်ပါတယ်။

Mizzima Weekly