အိုင်အက်စ်တို့ကို တိုက်ခိုက်မည့် အမေရိကန်အထူးတပ်ဖွဲ့တစ်ဖွဲ့ အီရတ်သို့ရောက်ရှိ

အိုင်အက်စ်တို့ကို တိုက်ခိုက်မည့် အမေရိကန်အထူးတပ်ဖွဲ့တစ်ဖွဲ့ အီရတ်သို့ရောက်ရှိ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ။             ။ အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ဖွဲ့သည် အီရတ်တွင် ရောက်ရှိနေပြီး အိုင်အက်စ်ပစ်မှတ်များကို လိုက်လံတိုက်ခိုက်ရေး အီရတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဇန်နဝါရီ ၁၃တွင် ပြောသည်။

ယင်းသို့ အမေရိကန်စစ်သားများချထားလိုက်ခြင်းက အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တို့အပေါ် ဆင်နွှဲသည့် စစ်ဆင်ရေးအရှိန်မြင့်ရန် အမေရိကန်၏ ကြိုးပမ်းမှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု ကာတာက ပြောသည်။ ဒီဇင်ဘာလက ကြေညာခဲ့သော အထူးတပ်ဖွဲ့သည် ယခုအခါ နေရာတကျရှိပြီဖြစ်ပြီး အိုင်အက်စ်တိုက်ခိုက်ရေးသမားများနှင့် တပ်မှူးများနောက်ကို လိုက်လံတိုက်ခိုက်ရေး စတင်ရန် အီရတ်တပ်များနှင့် လက်တွဲဆောင်ရွက်ရန် ပြင်ဆင်နေပြီဟု ကာတာက ကင်တပ်ကီရှိ Fort Campbell တွင်ပြောကြားခဲ့သည်။

တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၀၀ခန့်သာရှိမည်ဟု မျှော်လင့်ရသော်လည်း ယင်းသို့ချထားမှုက အိုင်အက်စ်တို့အပေါ် အမေရိကန်တို့က စစ်ရေးဖိအားပေးမှုချဲ့ထွင်လိုက်ခြင်းဖြစ်သည်။ ယခုအထူးတပ်ဖွဲ့မှာ လွန်ခဲ့သည့်နှစ်က ဆီရီးယားတွင်ချထားသော အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၅၀နှင့် သီးခြားဖြစ်သည်။

ပိုမိုသေးငယ်သော တပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ခိုက်မှုမျိုးစုံအတွက် ပစ်မှတ်သစ်များအပြင် သူပုန်များနှင့် အဆက်အသွယ်ပြုလုပ်ထားပြီးဖြစ်သည်ဟု ကာတာကဆိုသည်။

အီရတ်နှင့် ဆီးရီးယားရှိ ကာလီဖိတ်နိုင်ငံဟု အိုင်အက်စ်တို့က ကြေညာထားသည့် နယ်ပယ်ကိုကျော်ကာ စစ်သွေးကြွများက အိုင်အက်စ်တို့ကို အားကျကာတိုက်ခိုက်မှုများကို ကြံစည်လုပ်ဆောင်လာချိန်တွင် အိုင်အက်စ်တို့ကို အနိုင်တိုက်ရေး အိုဘားမား၏ မဟာဗျူဟာမှာ လုံလောက်မှုမရှိဘဲ ချွတ်ယွင်းချက်များရှိနေသည်ဟု ရီပစ်ဘလစ်ကင်များက ဝေဖန်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly