မြန်မာစစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်စဉ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြပွဲများ ပြုလုပ်

By The Asahi Shimbun
02 February 2022
မြန်မာစစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်စဉ် ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြပွဲများ ပြုလုပ်
Photo - The Asahi Shimbun

ဖေဖော်ဝါရီလ ၂ ရက်

မြန်မာစစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ခဲ့ချိန် ယမန်နေ့ ဖေဖေါ်ဝါရီ ၁ ရက်က ဂျပန်နိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏ ထောက်ခံသူများသည် တိုကျိုတွင် စုဝေးပွဲများ ပြုလုပ်ခဲ့ကြပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်ရှုတ်ချဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူပေါင်းရာချီနှင့် ၎င်းတို့ကို ထောက်ခံသူများသည် တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်နှင့် မြန်မာသံရုံးအရှေ့တွင် စုဝေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အနီရောင်အလံများကို ဝှေ့ယမ်းခဲ့ကြသလို “မြန်မာကို ODA အကူအညီ ရပ်ပါ” ဟု ပြိုင်တူ အသံကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။

ODA သည် တရားဝင် ဖွံ့ဖြိုးမှုအကူအညီ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ထောက်ကူရန် ပေးအပ်သည့် နိုင်ငံခြားအကူအညီဖြစ်သည်။

အာဏာသိမ်းမှုဖြစ်ခဲ့သော်လည်း ဂျပန်အစိုးရသည် မြန်မာအတွက် ယင်း၏ ရှိရင်းစွဲ အကူအညီ အစီအစဉ်များကို ဆက်လက်ထားရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးမှုကိုလည်း ဆက်ထိန်းထားသည်။

မြန်မာစစ်တပ်နှင့်အကြား “ထူးခြားသည့် အဆက်အသွယ်” တစ်ခု ရှိသည်ဟု ဂျပန်အစိုးရက ပြောပြီး တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွက် အကူအညီသစ် အစီအစဉ် ပေးအပ်ခြင်းကနေ ရှောင်ကြဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required