လွှတ်တော်အသစ်တွင် တာဝန်ယူမည့် အမတ်များက ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင်ကြိုးစားသွားရမည်ဟု သူရဦးရွှေမန်းပြော

လွှတ်တော်အသစ်တွင် တာဝန်ယူမည့် အမတ်များက ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင်ကြိုးစားသွားရမည်ဟု သူရဦးရွှေမန်းပြော
 ဓာတ်ပုံ- H.E. Thura U Shwe Mann

ရန်ကုန်၊ဇန်နဝါရီ ၁၄။          ။ ဒုတိယအကြိမ်လွှတ်တော်တွင် တာဝန်ယူမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုထက်ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အသစ် ခေါ်ယူရေးအတွက် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောသည်။

ဆက်လက်တာဝန်ယူကြမည့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်းပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်သည် စာအုပ်ထဲ၌သာထားရှိပြီး ရုပ်ပြ၊ ဟန်ပြ လုပ်ဆောင်ရမည့်ကိစ္စ တစ်ခုမဟုတ်ပါကြောင်း ၎င်းကဆိုသည်။

နိုင်ငံက လိုလားတောင်းတနေသည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်အပိုင်းက ပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လွှတ်တော်တွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးနှင့် နိုင်ငံကိုအုပ်ချုပ်ရာတွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးအတွက် နောင်အစဉ်အဆက် ပြည်သူများက ရွေးချယ်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ တွင် မိမိတို့ကိုယ်စီ တာဝန်ကျေမကျေ သုံးသပ်ရန် လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

လွှတ်တော်ခေါ်ယူကျင်းပခြင်းနှင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၎င်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှွှတ်တော်နာယကနှင့်အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ  ၊ ပြည်ထောင်စု လွှွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရအကြီးအကဲများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly