အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် ပါကစ္စတန် ၁၆ ဆင့် လျော့ကျ

By Jionews
02 February 2022
အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် ပါကစ္စတန် ၁၆ ဆင့် လျော့ကျ

ပါကစ္စတန်နိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ မြင့်တက်နေပြီး နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) မှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ တွင် ရပ်တည်နေခဲ့ကြောင်း the News International က ဖော်ပြသည်။

ယင်းသည် အစောပိုင်းနှစ်ကထက် အဆင့် ၁၆ ဆင့် လျော့ကျသွားခဲ့ခြင်းလည်း ဖြစ်သည်။

Transparency International ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်း (Corruption Perception Index-CPI) သည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် နယ်မြေဒေသ ၁၈၀ ကို ယင်းတို့၏ လေ့လာသိရှိထားသည့် အများပြည်သူကဏ္ဍ

အဂတိလိုက်စားမှု အဆင့်အတန်းများအပေါ် အခြေခံ၍ အဆင့်အတန်းသတ်မှတ်ခြင်းဖြစ်ပြီး အနိမ့်ဆုံး ရမှတ် သုံည (အလွန်အမင်း အကျင့်ပျက်ခြစား) နှင့် အမြင့်ဆုံး ရမှတ် ၁၀၀ (အလွန်သန့်ရှင်း) အထိ အမှတ်ပေး တွက်ချက်သည်။

ယခုကဲ့သို့ အကျင့်ပျက်ခြစားမှု CPI အညွှန်းကိန်းတွင် အဆင့်လျော့ကျခဲ့မှုနှင့်ပတ်သက်ပြီး ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရအပေါ် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

အီမရန် ခန်း အစိုးရ အကျင့်ပျက်ခြစားကြောင်းကို Transparency International အဖွဲ့က ဒုတိယအကြိမ်မြောက် ထပ်မံထုတ်ဖော်လိုက်ခြင်းဖြစ်သည် ဆိုပြီး အတိုက်အခံပါတီ PML-N ၏ ဥက္ကဋ္ဌ ရှာဘတ်ဇ် ရှာရစ်ဖ်က ထုတ်ပြန်ပြောဆိုခဲ့သည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ ဒီအစီရင်ခံစာကတော့ အာဏာရ ပီတီအိုင် အစိုးရအပေါ် စွဲချက်တစ်ခု တင်လိုက်သလိုပါပဲ” ဟု PML-N ခေါင်းဆောင်က ပြောသွားခဲ့သည်။

Transparency International အဖွဲ့၏ အညွှန်းကိန်း ထုတ်ပြန်ချက်များအရ ၂၀၂၀ ခုနှစ်က ပါကစ္စတန်နိုင်ငံ၏ ရမှတ်သည် ၃၁ မှတ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အညွှန်းကိန်းတွင် ၃မှတ်လျော့ကာ ရမှတ် ၂၈ ဖြင့် ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly