ပလက်ဝမြို့တွင် ဒုတိယအကြိမ် စစ်တပ်ထောက်ခံပွဲပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

ပလက်ဝမြို့တွင် ဒုတိယအကြိမ် စစ်တပ်ထောက်ခံပွဲပြုလုပ်ရန် စစ်ကောင်စီပြင်ဆင်နေ

ဖေဖော်ဝါရီလ ၁ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဒုတိယအကြိမ်စစ်တပ်ထောက်ခံပွဲကျင်းပရန်အတွက် စစ်ဘေးရှောင်ပြည်သူများကို အတင်းအကျပ်လိုက်လံပြီး တပ်ထောက်ခံပွဲတွင်ပါဝင်ရန် လက်မှတ်ထိုးခိုင်းနေကြောင်းသိရသည်။ 

ပြီးခဲ့သည့်  နိုဝင်ဘာလ ၂ရက်ကလည်း ပလက်ဝမြို့တွင် အင်အား၁၀၀ ဝန်းကျင်ဖြင့် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် မှတ်တမ်းရိုက်ကူးခဲ့ပြီး ထိုထောက်ခံပွဲသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး(နတလ)ကျောင်းမှ ကျောင်းသားများနှင့် ပလက်ဝအခြေချ  (၂၈၉) တပ်မိသားစုများပါဝင်ခဲ့ကြကြောင်းသိရသည်။ 

''ပလက်ဝမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီကောင်းကြောင်း ဆန္ဒထုတ်ဖော်ခိုင်းဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဆန်တွေပေးတယ်။ CNFတို့၊ CDF တို့အလိုမရှိ စသည်ဖြင့် ကြွေးကြော်ခိုင်းဖို့ရှိပြီး ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ဖို့ အတင်းအကျပ်လက်မှတ်ထိုးခိုင်းတယ်''ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။ 

ပလက်ဝမြို့ပေါ်တွင် ဒုတိယအကြိမ် တပ်ထောက်ခံပွဲကို မည်သည့်နေ့တွင် ကျင်းပမည်ကို တိတိကျကျ မသိရသေးသော်လည်း စစ်ဘေးရှောင်စခန်းမှပြည်သူများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး(နတလ)ကျောင်းသားများနှင့်ဝန်ထမ်းအချို့၊(၂၈၉)တပ်မိသားစုများသာ ပါဝင်နိုင်ပြီး ဒေသခံ ခူမီးချင်းများက ပါဝင်မည်မဟုတ်ကြောင်းလည်း သိရသည်။ 

''ပလက်ဝမြို့နယ်မှာ ဘယ်သူတွေက ဒုက္ခပေးနေတယ်။  ဘယ်သူတွေကြောင့် လွန်ခဲ့တဲ့နှစ်တွေကစပြီး ချင်းလူမျိုး ၁၀၀၀၀ကျော် စစ်ရှောင်ခဲ့ရတယ်။  ဘာကြောင့် ခုချိန်ထိ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လို့မရနေသေးတာလဲဆိုတာ ချင်းလူမျိုးတိုင်း၊ ပလက်ဝသားတိုင်းသိကြပါတယ်။ပြည်သူတွေကို ခြိမ်းခြောက်ပြီး၊ ပြည်သူတွေရဲ့ လိုလားချက်၊ ရပ်တည်ချက်တွေနဲ့ဆန့်ကျင်ပြီး ဆောင်ရွက်တဲ့လုပ်ပွဲတွေကို အလေးအနက်ရှုတ်ချပါတယ်'' ဟုလည်း ပလက်ဝဒေသခံတစ်ဦးကဆိုသည်။

ပလက်ဝမြို့နယ်သည် စစ်ကောင်စီတပ်များနှင့် AA လက်နက်ကိုင် အကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ချင်းပြည်နယ်အတွင်းက ပထမဆုံး စစ်ဘေးသင့်သည့် မြို့နယ်ဖြစ်သည့်အပြင် စစ်တပ်မှလေယာဉ်ဖြင့် ဗုံးကြဲချသဖြင့် ဝက်မရွာတစ်ရွာလုံး ပျက်စီးခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။ 

လက်ရှိပလက်ဝမြို့ပေါ်တွင် စိုက်ပျိုးရေးစခန်း၊ ဘောလုံးကွင်းစခန်း၊ ဝိသုဒါရုံစခန်း၊ အထက စခန်းနှင့် RC စခန်းတို့တွင် စစ်ရှောင်စခန်း ငါးခုရှိပြီး အိမ်ထောင်စုအားဖြင့် ၈၀၀ နီးပါးခန့်ရှိသည်။ 

ဓါတ်ပုံ - ပထမအကြိမ်တပ်ထောက်ခံပွဲ ပလက်ဝမြို့ပေါ်တွင်ကျင်ပစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required