နျူကလီးယား ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ကွဲလွဲမှုတွေ ရှိနေဆဲလို့ အီရန် ပြော 

နျူကလီးယား ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ကွဲလွဲမှုတွေ ရှိနေဆဲလို့ အီရန် ပြော 
Photo - AFP

ဖေဖော်ဝါရီလ ၁ ရက်

၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်တဲ့ ဗီယင်နာက ဆွေးနွေးပွဲတွေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ အာမခံချက် ပေးရေး စတဲ့ အရေးကိစ္စရပ်တွေမှာ အမေရိကန်နဲ့ ကွဲလွဲမှုတွေက ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အီရန်က တနင်္လာနေ့မှာ ပြောပါတယ်။ 

“ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေးနဲ့ စပ်လျဉ်းတဲ့ အရေးကြီးပြီး အဓိကကျတဲ့ ကိစ္စရပ်တွေမှာ အခုထက်ထိ သဘောတူညီချက်ရအောင် မဖော်ဆောင်နိုင်သေးဘူး”လို့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဆာအိဒ် ခါတီဇာဒက်ရှ်က ပြောပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ နုတ်ထွက်သွားလို့ ၂၀၁၈ ကစပြီး အသက်မဲ့ခဲ့တဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန် နုတ်မထွက်ပါဘူးဆိုတဲ့ အာမခံကို ပေးဖို့ကိုလည်း သူက ထပ်လောင်းပြောဆိုပါတယ်။ 

JCPOA လို့ သိကြတဲ့ ဒီ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းနိုင်ရေး ရှစ်ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးခဲ့ချိန်မှာ ဆာအိဒ် ခါတီဇာဒက်ရှ်က ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းသူတွေဟာ တိုင်ပင်ဆွေးနွေးဖို့အတွက် နိုင်ငံရင်းဆီ ပြန်ကြတာကြောင့် ဗီယင်နာက ဆွေးနွေးပွဲတွေဟာ သောကြာနေ့ကစပြီး ခေတ္တ ရပ်တန့်ထားခဲ့တာပဲ ဖြစ်ပါတယ်။ 

နှောင့်နှေးမှုတွေကို ကျော်လွှားနိုင်ဖို့ ‘နိုင်ငံရေး ဆုံးဖြတ်ချက်တွေ’ လိုကြောင်း ဆွေးနွေးပွဲတွေအတွက် ဥရောပသမဂ္ဂ ညှိနှိုင်းရေးမှူး အန်းရစ် မိုရာက ပြောပြီး အခု သီတင်းပတ်အတွင်း ဆွေးနွေးပွဲတွေ ပြန်စဖို့ မျှော်လင့်တယ်လို့ ပြောဆိုပါတယ်။ 

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို အသက်သွင်းရေး ဆွေးနွေးပွဲတွေဟာ အီရန်မှာ ရှေးရိုးအလွန်စွဲ သမ္မတ အီဘရာဟင် ရာအိစီကို ရွေးကောက်တင်မြှောက်တဲ့ ဇွန်လအတွင်းမှာ ရပ်ဆိုင်းခဲ့ရပြီး နိုဝင်ဘာလမှာ ပြန်လည်စတင်ကျင်းပလာတာလည်း ဖြစ်ပါတယ်။ 

အီရန်၊ အမေရိကန်၊ တရုတ်၊ ရုရှ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကြား ရရှိထားတဲ့ ဒီ သဘောတူညီချက်ဟာ အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ လွတ်ငြိမ်းစေပြီး အပြန်အလှန်အနေနဲ့ အီရန်က နျူကလီးယား ဖော်ဆောင်မှုတွေကို လျှော့ချပစ်ရတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ၂၀၁၈ မှာ အမေရိကန်ဟာ တဖက်သတ် နုတ်ထွက်သွားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာတာကြောင့် သဘောတူညီချက်အောက်က ကတိကဝတ်တွေကို အီရန်ဟာ တဖြည်းဖြည်း မျက်ကွယ်ပြုလာနေခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required