နိုင်ငံရေး ပေါင်းစည်းညီညွတ်မှု မထူထောင်နိုင်သည့်အတွက် အာဖဂန်နစ္စတန် ပြိုလဲခဲ့ရဟု ဆို

By Zee5
01 February 2022
နိုင်ငံရေး ပေါင်းစည်းညီညွတ်မှု မထူထောင်နိုင်သည့်အတွက် အာဖဂန်နစ္စတန် ပြိုလဲခဲ့ရဟု ဆို

“နိုင်ငံရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှု နှင့် စည်းလုံးမှု” ကို ထူထောင်ဖန်တီးနိုင်ခဲ့ခြင်း မရှိမှုကြောင့် အာဖဂန်နစ္စတန်သမ္မတနိုင်ငံ ပြိုလဲခဲ့ရခြင်း ဖြစ်ကြောင်း ယခင်အာဖဂန်အစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဟမ်ဒူလာ မိုဟစ်ဘ်က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

မိုဟစ်ဘ်သည် Foreign Policy မဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခု လုပ်ဆောင်ခဲ့စဉ် အာဖဂန်နစ္စတန်၌ ယမန်နှစ် ဩဂုတ်လ ၁၅ ရက် သမ္မတစနစ် ပြိုလဲသွားခဲ့ခြင်းကို ဦးတည်စေခဲ့သည့် အကြောင်းအချက်များနှင့်ပတ်သက်ပြီး သုံးသပ်ပြောဆိုသွားခဲ့ကြောင်း Tolo News က ဖော်ပြသည်။

လုံခြုံရေးတပ်ဖွဲ့များ စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် နိုင်ငံရေးအရ ညီညွတ်မှု ရှိရန် လိုအပ်ခဲ့ကြောင်း မိုဟစ်ဘ်က ပြောခဲ့သည်။

အမျိုးသား စည်းလုံးညီညွတ်မှု ရရှိရေးအတွက် မတူညီသော နောက်ခံများမှ ခေါင်းဆောင်များကို ခေါ်ယူဖွဲ့စည်းပြီး ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် နိုင်ငံရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှု နှင့် စည်းလုံးမှုကို ဖန်တီးရယူနိုင်ခဲ့ခြင်း မရှိကြောင်း မိုဟစ်ဘ်က ပြောသွားခဲ့သည်။

“၂၀၁၉ သမ္မတရွေးကောက်ပွဲတွေအတွင်းမှာပဲ အဲဒါကို အောင်မြင်အောင် လုပ်ဖို့ အလွန်တရာ ခက်ခဲလာခဲ့တာပါ။ အဲဒီကနေ နိုင်ငံရေး ပေါင်းစည်းညီညွတ်မှုနဲ့ပတ်သက်လို့ကျွန်တော်တို့ လုပ်ထားခဲ့တဲ့ လုပ်ဆောင်ချက်တွေအပေါ် နောက်တကြိမ် လုံးလုံးလျားလျား ထိခိုက်စေခဲ့ပါတယ်။ နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ၊ စွမ်းအင် ရင်းမြစ်တွေအတွက် ယှဉ်ပြိုင်မှုတွေထက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရှေ့တန်းတင် ဦးစားပေးနိုင်ခဲ့ခြင်း မရှိမှုကတော့ ကျွန်တော်တို့ကို ကျရှုံးခဲ့စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း အမြင်သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီး ယင်းက စိစစ်လေ့လာမှုကို ရှုပ်ထွေးစေခဲ့ကာ ယင်းကနေတဆင့် လုံခြုံရေးဆိုင်ရာ စိစစ်အကဲဖြတ်မှုကို ခက်ခဲစေခဲ့သလို လုံခြုံရေးဆိုင်ရာ အစည်းအဝေးများကိုလည်း ထိရောက်မှုကင်းမဲ့စေခဲ့ကြောင်း မိုဟစ်ဘ်က ပြောခဲ့သည်ဟု Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly