အာဖဂန်တွင် အင်န်ဂျီအို ဝန်ထမ်းအမျိုးသမီးများ ကိုယ်လုံးပြည့်ဝတ်ရုံ မဝတ်ပါက သေနတ်ဖြင့် ပစ်မည်ဟု တာလီဘန်တို့ ခြိမ်းခြောက်

By International The News
01 February 2022
အာဖဂန်တွင် အင်န်ဂျီအို ဝန်ထမ်းအမျိုးသမီးများ ကိုယ်လုံးပြည့်ဝတ်ရုံ မဝတ်ပါက သေနတ်ဖြင့် ပစ်မည်ဟု တာလီဘန်တို့ ခြိမ်းခြောက်

အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်တစ်ခုတွင် NGO အမျိုးသမီးဝန်ထမ်းများအနေဖြင့် ဘူခါ (burqa) ခေါ် ကိုယ်လုံးပြည့်ဝတ်ရုံခြုံထည် မဝတ်ပါက သေနတ်ဖြင့် ပစ်ခတ်ခံရမည် ဖြစ်ကြောင်း တာလီဘန်တို့၏ ဘာသာရေးရဲများက ခြိမ်းခြောက်ပြောဆိုထားခဲ့သည်ဟု ဝန်ထမ်းနှစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။

ယမန်နှစ် ဩဂုတ်လက အမေရိကန်ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ် ပြုတ်ကျပြီး တာလီဘန်တို့ အာဏာရလာခဲ့ပြီးနောက်တွင် အာဖဂန်နိုင်ငံသားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများသည် ပိုမို၍ ပိတ်ပင်ကန့်သတ်ခံလာနေရသည်။

အမျိုးသမီးများသည် လူမြင်ကွင်းမှ တဖြည်းဖြည်း ပထုတ်ခံနေရပြီး အစိုးရအလုပ်အကိုင်နေရာများတွင်လည်း တားမြစ်ပိတ်ပင်ခံနေရသလို မိန်းကလေးငယ်များအတွက် အလယ်တန်းကျောင်း အများစုကိုလည်း ပိတ်ထားသည်။

ဘက်ဒ်ဂစ်ပြည်နယ်၌ တာလီဘန်တို့၏ ကိုယ်ကျင့်တရား တိုးတက်ရေးနှင့် မကောင်းမှုဒုစရိုက် တားဆီးကာကွယ်ရေးဝန်ကြီးဌာန ရုံးခွဲတစ်ခုမှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၆ ရက် အကူအညီပေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းဒေသရှိ နိုင်ငံတကာ NGO ဝန်ထမ်းနှစ်ဦးက ပြောသည်။

“အမျိုးသမီးဝန်ထမ်းတွေ ဘူခါ မဝတ်ဘဲ ရုံးလာမယ်ဆိုရင် သေနတ်နဲ့ အပစ်ခံရလိမ့်မယ် ဆိုပြီး သူတို့ဘက်က ကျွန်တော်တို့ကို ပြောခဲ့ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ပြင် အမျိုးသမီးများအနေဖြင့် အလုပ်လာချိန်တွင် အမျိုးသားအဖော်တစ်ဦးနှင့်အတူ လာရလိမ့်မည်ဟု ၎င်းတို့က ပြောခဲ့ကြောင်း အဆိုပါဝန်ထမ်းက ပြောခဲ့သည်။

ယင်းသတိပေးချက် ထုတ်ထားသည်မှာ မှန်ကန်ကြောင်း အခြား အင်န်ဂျီအို ဝန်ထမ်းတစ်ဦးကလည်း အတည်ပြုသည်။

“သူတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာသလား ဆိုတာကို စစ်ဆေးဖို့ ရုံးတိုင်းကို ကြိုတင်အကြောင်းမကြားဘဲ လာစစ်မယ်လို့လည်း သူတို့ ပြောခဲ့ပါသေးတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly