စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ မြန်မာကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဆန်ရှင် ထပ်ချ 

စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ မြန်မာကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဆန်ရှင် ထပ်ချ 

ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံမှ နောက်ထပ် တာဝန်ရှိသူများကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်များ တနင်္လာနေ့က ချမှတ်ရာ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်း၍ တိုင်းပြည် ဝရုန်းသုန်းကား အခြေအနေအတွင်း ဆိုက်ရောက်ရသည့် တစ်နှစ်ကြာမြင့်သည့်အချိန်၌ လုပ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။ 

စစ်ဦးစီးချုပ် မင်းအောင်လှိုင်နှင့် အခြားသော စစ်ကောင်စီ အဖွဲ့ဝင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည့် အဆိုပါ သုံးနိုင်ငံ၏ ယခု ပူးပေါင်းအရေးယူမှုသည် ဖြုတ်ချခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်ရေးတွင် ပါဝင်သည့် တရားရေး တာဝန်ရှိသူများအား ပစ်မှတ်ထားခြင်း ဖြစ်သည်။ 

အမေရိကန်အနေဖြင့် စစ်ကောင်စီအတွက် ပြည်ပမှ လက်နက်ဝယ်ယူခြင်းတွင် တာဝန်ရှိသော ဦးစီးဌာနတစ်ရပ်၊ စွပ်စွဲထားသည့် လက်နက်အရောင်းအဝယ်လုပ်သူတစ်ဦးနှင့် စစ်ကောင်စီကို ဘဏ္ဍာငွေ ထောက်ပံ့နေသည့် ကုမ္ပဏီတစ်ရပ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပြီးလည်း ဖြစ်သည်။ 

စစ်တပ်သည် ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ NLD ပါတီဝင်များကို ဖမ်းဆီးထားခြင်းဖြစ်သည်။ NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ၌ မဲမသမာမှုများ ရှိသည်ဟု စစ်တပ်က ဆိုသော်လည်း စောင့်ကြည့်သူများက မဲရလဒ်သည် တိုင်းပြည် ပြည်သူများ၏ ဆန္ဒအမှန်ကို ထင်ဟပ်သည်ဟု ပြောထားကြသည်။ 

ယခု ပူးတွဲအရေးယူမှုက မြန်မာပြည်သူများအား နိုင်ငံတကာက ထောက်ခံလျက်ရှိကြောင်းကို ပြသခြင်း ဖြစ်ပြီး ‘အာဏာသိမ်းမှုနှင့် စစ်ကောင်စီ ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိလာရန် နောက်ထပ် တွန်းအားပေးခြင်း’ ဖြစ်လိမ့်မည်ဟု စစ်တပ်၏ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုအတွင်း လူပေါင်း ၁၅၀၀ နီးပါး သတ်ဖြတ်ခံရခြင်းနှင့် ၁၀၀၀၀ ကျော် ဖမ်းဆီးထားခံရခြင်းကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

ယခု ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် လူပုဂ္ဂိုလ် ခုနစ်ဦးနှင့် အစုအဖွဲ့ နှစ်ရပ်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။ ၎င်းတို့တွင် စစ်ကောင်စီ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များအား တရားစွဲဆို ပြစ်ဒဏ်စီရင်ခြင်းများတွင် ပါဝင်ကြသည့် ရှေ့နေချုပ် ဒေါ်သီတာဦးအပြင် တရားရုံးချုပ်မှ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် အကျင့်ပျက်ခြစားမှု ကော်မရှင် ဥက္ကဋ္ဌ  ဦးတင်ဦးတို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခြင်း ဖြစ်သည်။ 

ထိုသို့ စာရင်းသွင်းခြင်းအားဖြင့် ၎င်းတို့၏ အမေရိကန်မှ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်မည် ဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်ပတ်သတ်ခြင်းအား အမေရိကန်နိုင်ငံသားများကို တားမြစ်သွားမည် ဖြစ်သည်။ 

အဆိုပါ သုံးဦးတို့အား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းကြောင်း ကနေဒါနိုင်ငံကလည်း ကြေညာသည်။ ဗြိတိန်နိုင်ငံကမူ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင် အကြီးအကဲအပြင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required