"တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အနှောင့်အယှက် ဖြစ်တယ်"

"တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အနှောင့်အယှက် ဖြစ်တယ်"

တိုင်းရင်းသားအရေး ဆွေးနွေးရာတွင်အ ားနည်းချက်များ ရှိနိုင်သော်လည်း ငြိမ်းချမ်းရေး ရရန်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းမည်ဟု ကချင်နိုင်ငံရေးသမား ဒေါက်တာ တူးဂျာက ပြောသည်။

မြစ်ကြီးနား (Myanmar Now) ။           ။ ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၂ဝဝ၉ ခုနှစ်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လူသိများသော ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်သော KIO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ 

အသက် ၇ဝ အရွယ် ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့ KIO တွင် ၃၄ နှစ် တာဝန်ထမ်းခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ ပါတီတည်ထောင်ရေး ကြိုးပမ်းသော် လည်း KIO နှင့် ဆက်နွယ်ခဲ့သော သူ့ကို တပ်မတော် အစိုးရအဖွဲ့၏ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခြင်း မရှိပေ။

၂ဝ၁၅ တွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ တည်ထောင်ကာ မဲဆန္ဒနယ် ၅၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄နေရာ နိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြည်နယ်လွှတ်တော်အ တွက် မြစ်ကြီးနားတွင် ယှဉ်ပြိုင်ရာ အရွေးခံရခြင်း မရှိပါ။ ဤရွေးကောက်ပွဲ၏ ရလဒ်က တိုင်းရင်းသား ပါတီများအပေါ် မည်သို့ သက်ရောက်မည်၊ ငြိမ်းချမ်းရေးလမ်းစဉ်၏ အနာဂတ်၊ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခြင်းစသည့် အကြောင်းအရာတို့ကို ဒေါက်တာတူးဂျာ၏ မြစ်ကြီးနား နေအိမ်တွင် Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက တွေ့ဆုံ မေးမြန်းခဲ့ ပါသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဒေါက်တာတူးဂျာ ဘယ်လို သုံးသပ်မိသလဲ။

တစ်နိုင်ငံလုံး အတိုင်းအတာဆောင်ပြီးတော့ အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ပါတီရွေးတဲ့အခါ ဒေါင်းပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်။ အဲဒါကို အားလုံးကဝိုင်းပြီးတော့ မဲပေးလိုက်ကြတာ ပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ်ကို ဦးတည်နေတာ၊ အခုသမ္မတရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်း မှာလည်း ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း ပါတယ်။ ဘယ်လိုပုံစံ ဖက်ဒရယ်လဲ ဆိုတာပဲ ရှိတယ်။ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်အောက်မှာ ဘာရှိလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူ အခွင့်အရေး၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးတွေ ရှိတာပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားမယ်ဆိုရင် ပြည်နယ်သားတွေက မိမိပြည်နယ်ကို ဦးစီးရမှာပေါ့နော်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်၊ ငြိမ်းချမ်းရေးက ပထမ ဦးစားပေးပေါ့၊ ပြီးလို့ရှိရင် ဖက်ဒရယ်။ အခု သူက အာဏာကို သိမ်းကျုံး ပြီး ယူထားတဲ့နောက် အသားကျလာတဲ့အခါ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ကို ခွဲဝေဖို့ သူလက်ခံသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါ့ကြောင့် လေးငါးနှစ်ကတော့ အသွင်ကူး ပြောင်းရေး ပုံစံနဲ့ပဲ သွားရမှာပေါ့။

NLD ကို ကျွန်တော်တို့က နေရာပေးပါတယ်။ NLD ကလည်း နားလည်ဖို့က အစိုးရဖွဲ့ပြီး လုပ်ဆောင်တဲ့အခါ ပြည်နယ်ပါတီတွေ၊ ပြည်နယ်သားတွေထဲက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မထားရဘူး။ NLD ဦးဆောင်ပြီးတော့မှ တောင့်တင်းခိုင်မာတဲ့ အရည်အချင်းရှိတဲ့ အစိုးရဖွဲ့စည်းဖို့၊ ဒါ အဓိကပဲ။

ကချင်ခေါင်းဆောင်တွေ အနေနဲ့ NLD နဲ့ရော အဆက်အသွယ် ရှိလား။ ဆွေးနွေးဖို့ ပြင်ဆင်ထား တာ ရှိလား။

သူတို့က အလုပ်အရမ်းများနေတယ်။ သူတို့လည်း ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေပေါ့နော်၊ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်၊ အစိုးရ ဖွဲ့တဲ့နေရာမှာလည်း အခြားပါတီတွေကိုလည်း ထည့်သွားဖို့ရှိတယ်ဆိုတာ ပြောနေပါတယ်။ လက်တွေ့မှာတော့ တွေ့ဆုံတာ မရှိသေးဘူး။  ရွေးကောက်ပွဲရလဒ် အနေအထားအရဆိုရင် လွှတ်တော်တွေကို တိုင်းရင်းသား ကိုယ်စားလှယ် ရောက်တာ အရမ်းနည်းတယ်။ NLD ကနေ ရောက်သွားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ရှိတယ်။

ဒါပေမဲ့ တိုင်းရင်းသားပါတီက ပုဂ္ဂိုလ်မျိုးကို လွှတ်တော်ထဲ များများရောက်စေချင်တယ်။ ရခိုင်နဲ့ ရှမ်းကလွဲရင် ကျန်တာကတော့ တော်တော်အားနည်းတယ်။ တိုင်းရင်းသားအရေးကို အမှန်တကယ် ဆွေးနွေးတဲ့အခါ  အားနည်းချက်တွေ အများကြီး ရှိနိုင်တယ်။ တိုင်းရင်းသားအရေးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ အရေးတစ်ခု။ တိုင်းရင်းသားအရေးကိုတကယ် ထိထိရောက် ရောက် တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်မှ ငြိမ်းချမ်းရေး ရနိုင်မှာ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကရော ဘယ်လောက် အရေးကြီးပါသလဲရှင့်။

ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊  အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ပညာရှင်တွေပါတယ်ဆိုတော့ တချို့က တင်စားပြီး ခေါ်တာက ဒါက ဒုတိယ ပင်လုံညီလာခံပေါ့။ အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းက NCA (တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်) လက်မှတ်ထိုးတာ ၈ ဖွဲ့ပဲ ရှိတယ်။ အခု ၁၃ ဖွဲ့လောက် ကျန်သေးတယ်။ အဲဒီ ၁၃ ဖွဲ့က NLD အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး NCA ကို လက်မှတ်ထိုးပြီးတော့မှ ညီလာခံတက်ရမှာ။ တိုင်းရင်းသားအားလုံး တက်သင့်တက်ထိုက်တဲ့၊ ပါသင့်ပါ ထိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ပါဝင်တက်ရောက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ အသက် ရှင် အောင်မြင်လာပြီဆိုရင် အားလုံး ပြေလည်သွားမယ်။ 

ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက တော်တော်လေးများတော့ မဲတွေကွဲတာကြောင့် ရှုံးတာလား။  NLD နဲ့ ပြည်ခိုင်ဖြိုး နှစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ မဲပေးတဲ့ဟာမျိုး ဖြစ်သွားတာလား။

ဒါလည်းမှန်တယ်။ ရခိုင်၊ ရှမ်း၊ ပအို့်ဝ်၊ ပလောင်တို့နဲ့ မတူတာကကချင်မှာ ပါတီကွဲတာလည်း ပါတယ်။ နောက် ဘာသာကွဲတာလည်းပါတယ်။  တချို့ကဘက်လိုက်တယ်၊ကိုယ့်ဘာသာမှ။ပါတီကွဲ၊ ဘာသာကွဲခေါင်းထဲမစွဲပါနဲ့၊ ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်းပြည့်သူတွေထည့်ပါလို့ ကျွန်တော် ဘယ်လောက်ပဲ ဟောပြောဟောပြော၊ ဘယ်လောက်ပဲပညာပေး၊ ပညာပေးတချို့ကလက်မခံဘူး၊ မရဘူး။  ၂ဝ၂ဝ မှာဒီဟာ ပြင်ရမယ်။ (ကချင်) ပါတီတွေလည်းစုစည်းနိုင်ဖို့လိုတယ်။ ဘာသာ(ရေး) ဘက်မလိုက်အောင်လည်း ပြောရမယ်။

၂ဝ၁၅ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ဘယ်လို ကွဲပြားသလဲ။၂ဝ၁ဝ တုန်းက ဒေါက်တာတူးဂျာတို့ ပါတီထောင်ဖို့ မှတ်ပုံတင်ခွင့် မရခဲ့ဘူးနော်။

KIO က နယ်ခြားစောင့်တပ် (အသွင်ပြောင်းဖွဲ့စည်းရေး) လက်ခံရင် (ပါတီမှတ်ပုံတင်ခွင့်) ပေးမယ်လို့ပြောတယ်။ ပေးရင်တော့ ကျွန်တော်တို့က နိုင်ပြီးသား။ (ယခင် စစ်အစိုးရမှာ) မမြင်သာတဲ့ အကြောင်းပြချက်က ဘာလဲဆိုရင် ကျွန်တော်တို့က အားလုံး သိမ်းကျုံးပြီး ယူသွားမှာစိုးတာ။ မြင်သာ တဲ့ အကြောင်းပြချက်ကတော့  နယ်ခြားစောင့်တပ်ပေါ့။

၂ဝ၁၅ မှာ ဘာကြောင့် ပြောင်းသွားတယ်လို့ ထင်ပါသလဲ။

ပြည်ခိုင်ဖြိုးက၂ဝ၁ဝ မှာ နိုင်သွားပြီလေ။ ဦးဆောင်ပါတီလည်း လုပ်ပြီလေ။ နောက်ပြီး ဒီမိုက ရေစီကလည်း ပျံ့နှံ့လာတာပေါ့၊ သမ္မတဦးသိန်းစိန်ကလည်း ဒီမိုကရေစီအခွင့်အရေးကို ပိုပြီး ပေးလာ တာပေါ့။ ပါတီစုံအဆင့်မှာ စည်းမျဉ်းစည်းကမ်းအားလုံး လိုက်နာရင်၊ အဲဒီအချက်အလက်နဲ့ ပြည့်စုံရင် မှတ်ပုံတင်ပေးတာပဲ။ နယ်ခြားစောင့်တပ် ဘာညာမပြောတော့ဘူး။ ကျွန်တော်တို့ကသူတို့ စည်းမျဉ်း စည်းကမ်းအတိုင်း ဖြစ်တဲ့အခါကျတော့ မပေးလို့ မရတော့ဘူး။

ကချင်ပြည်နယ်အတွက် အကြီးမားဆုံးသော အခက်အခဲတွေက ဘာတွေလို့ ပြောမလဲရှင့်။

အခက်အခဲကတော့ တိုက်ပွဲပါပဲ။ ဒီတိုက်ပွဲကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း အနှောင့် အယှက်ဖြစ်တယ်။ နောက် IDP ကလည်း များလာတယ်။ IDP တွေကို သူ့နေရာပြန်ပို့ဖို့ကလည်း တိုက်ပွဲကြောင့် အခက်အခဲရှိတယ်။ ဒေသတည်ငြိမ်ရေးမရှိတော့ ဘာပဲလုပ်လုပ် သိပ်မအောင်မြင်နိုင် ဘူး။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အောင်အောင်မြင် မြင် ကျင်းပသွားနိုင်ဖို့ အဓိကပါပဲ။ တိုက်ပွဲတွေ ရပ်ရမယ်။

တိုက်ပွဲတွေ မရပ်ဘူး၊ NCA မှာ KIO လက်မှတ် မထိုးဘူးဆိုတဲ့အတွက် KIO က အလျှော့အ တင်း မလုပ်လိုတဲ့ သဘော ဝေဖန်ခံရတာကို ဘယ်လို သုံးသပ်သဲ။

လက်မှတ်ထိုးရေးကို အခိုင်အမာလုပ်ဖို့က(၂၀၁၅) စက်တင်ဘာ ၉ နေပြည်တော်မှာတွေ့တဲ့ နေရာမှာသမ္မတနဲ့ တပ်ချုပ်တော့ ပါရမှာပေါ့။ ပြီးတော့ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့) ဥက္ကဋ္ဌတွေမလာနိုင်လည်းဒုဥက္ကဋ္ဌပေါ့။ တစ်အချက် အစာမကြေဖြစ်သွားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရီးထွက်သွားတယ်။ အဲဒါလည်း နောက်ပိုင်းမှာ ဦးအောင်မင်းတို့ပဲ ပြန်ရှင်းတာ ကတပ်ချုပ် ခရီးစဉ်ကစီစဉ်ပြီးသားဖြစ်သွားတယ် လို့ အကြောင်းပြတယ်။ ဟိုဘက်ကခံစားမှုကတော့ သူတို့ကိုမကြိုဆိုတဲ့သဘောပေါ့။ တပ်ကမပါတဲ့သဘောဖြစ်သွားတာပေါ့။ နောက်တစ်ချက်က တိုင်းရင်းသားဘက်ကတော့(အဖွဲ့) ကြီးတာသေးတာ မခွဲခြားနဲ့၊ အဖွဲ့အားလုံးတပြိုင်နက် လက်မှတ်ထိုး မယ်။ ဒီဘက်ကကျတော့ အကြီးတွေပဲ လက်မှတ်ထိုးမှာ၊ အသေးတွေ ချန်ထားမယ်။ ဒါ ဒုတိယ ကွဲလွဲ ချက်ပေါ့။ တတိယကတော့ တိုက်ပွဲကို ရပ်ပါဆိုပြီးတော့ ဟိုဘက်က တောင်းတယ်၊ ဒီဘက်က မရပ် ဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ ဘယ်သူ့ကိုမှ အပြစ်တင်ပြီးပြောတာ မဟုတ်ဘူး။ တစ်နေ့နေ့ အားလုံး ပါဝင်လာနိုင်တဲ့ အနေအထားရောက်လာရင် သူတို့ထိုးမှာပေါ့။ ဒေါ်စုလက်ထက်ကျရင် အားလုံး လက်မှတ်ရေးထိုးနိုင်အောင် ဖိတ်ခေါ်ဆွေးနွေးမှာပါ။

၂ဝ၁၁ ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်တယ်ဆိုတာ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေလို့လား။

KIO က ၁၉၉၄  မှာအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးတာ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လုပ်သွားမယ်ဆိုတဲ့ အာမခံချက်နဲ့။ တပ်မတော်အစိုးရကလည်း ဒါကို လက်ခံပေမဲ့ နောက်ပိုင်း ကျတော့  အရပ်သားအစိုးရတက်လာတဲ့အခါမှ ဆွေးနွေးမယ်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်မပေးဘူး။  ဒါနဲ့ အချိန်က ၁၇ နှစ်လောက် ကြာသွားတယ်။  ဘယ်လိုအခြေအနေမျိုး ပြန်ပေါက်လာသလဲဆိုရင် နယ်ခြားစောင့်တပ်ပေါ့။ KIO က နိုင်ငံရေးအဖြေရအောင် အရင်ဆွေးနွေးမယ်၊ အစိုးရဘက်ကျတော့ တပ် အသွင်ကူးပြောင်းရေးကို အဓိကထားတယ်။ အဲဒါနဲ့ သဘောထား ကွဲလွဲသွားတယ်။ နောက်ဆုံး တော့  ၂ဝ၁၁ မှာ တိုက်ပွဲပြန်စတာပေါ့။

နှစ်ဖက်ယုံကြည်မှု ပိုပြီးတော့ မြင့်တက်လာအောင် ဘာတွေလုပ်ဖို့ လိုသလဲ။

ပထမက သမ္မတကြီးက နယ်မြေအလိုက်ပေါ့နော် သီးခြားဆွေးနွေးမယ်ပေါ့၊ ဟိုဘက်ကကျ တော့ တပ်ပေါင်းစုနဲ့မှ ဆွေးနွေးမယ်။ နောက်ဆုံး အစိုးရက လက်ခံလိုက်တယ်။ အဲဒီမှာ ယုံကြည်မှုစ ပြီးတော့ ရသွားတာက သမ္မတကြီးက သူ့ရဲ့ပေါ်လစီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မယ်ဆိုတဲ့ ဥစ္စာ၊ ဒါကို လက်ခံလိုက်တယ်။ အရင် ဘယ်အစိုးရကမှ လက်မခံဘူး။ အဲဒါကတော့ ပထမ အဆင့် ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောလို့ရတယ်။ အချင်းချင်း ယုံကြည်မှုက ပိုပြီးများလာတာ ပေါ့။ နီးတော့မှ ဒီအကြောင်းတွေကြောင့် လက်မှတ်မထိုးဖြစ်ဘူး။  အိမ်ဆောက်ပြီး အိမ်သစ်တက်ဖို့ လိုတော့မှ ပြန်ဖြိုချလိုက်သလို ဖြစ်တယ်၊ ဟိုဘက်ကလည်း မလျှော့၊ ဒီဘက်ကလည်း မလျှော့နဲ့၊ ဒါ သင်ခန်းစာယူရမှာ။ အစိုးရကလည်း တော်တော်လေး ကြိုးစားလုပ်နေတယ်၊ သူအာဏာမလွှဲခင်ပေါ့ နော်။ NLD နဲ့လည်း နားလည်မှု ယူပါတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့်  ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အပိုင်းမှာတော့ အခြေအနေကောင်းလာဖို့ ရှိပါတယ်။ ယုံကြည်မှုလည်း ပိုပြီးတော့ တည်ဆောက်လာ နိုင်ဖို့ ရှိပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းတယ် ဆိုတဲ့အချက်ကို ဘယ်လို မြင်လဲ။

ပါရမှာပဲ။ ကျွန်တော်တို့ပါတီက အမျိုးသမီးကို ဦးစားပေးတယ်။ အမျိုးသမီးကို နှိမ်ထားတာ တော့ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့အခုမှ  စလာတာဖြစ်တော့ အမျိုးသမီးတွေ ကိုယ်နှိုက်က စိတ်ဝင်စားမှု လျော့တာလား၊ အရည်အချင်းပိုင်းမှာ အားနည်းတာလားပေါ့။ ပါဝင်မှုက တစ်နေ့တခြား ပိုပြီးတော့ များလာပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာရော၊ လွှတ်တော်မှာရောပါရမယ်။ အမျိုးသမီး တွေက မူဘောင်ဆွဲတဲ့အခါမှာ ၃ဝ ရာခိုင်နှုန်းပေးပါလို့ ပြောတယ်။ ကျွန်တော်ကတောင် ပြောလိုက် သေးတယ်၊ အနည်းဆုံး ၃ဝ ဆိုရင် ပိုကောင်းတယ်လို့၊မဟုတ်ရင် ၃ဝ ထက် မကျော်ရဘူးလို့ ထင်သွား နိုင်တယ်။

သယံဇာတ တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်က တော်တော်လေး ဆိုးဆိုးရွားရွား ခံနေရတယ်။ ဒါကို ဘယ်လို လုပ်သင့်သလဲ။

သယံဇာတ ခွဲဝေရေး၊ အာဏာခွဲဝေရေးက အင်မတန် အရေးကြီးတယ်လေ။ ဒီမှာပြည်နယ် အစိုးရရဲ့လုပ်ပိုင်ခွင့် အာဏာက အဓိကပဲ။ အခုကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ပဲ။ တရားဥပဒေစိုးမိုးရေး အားနည်းတဲ့အခါကျတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ ကချင်ပြည်နယ်က သယံဇာတတွေရဲ့ ပိုင်ရှင် တွေက ပြည်သူတွေပါ။  ပြည်သူတွေ အကျိုးမခံစားရဘဲနဲ့ ကိုယ်ကျိုးသမားတွေက အာဏာပိုင်တွေနဲ့ လုပ်စားပြီးတော့မှ ကုန်ခါနီးနေပြီ။ ကချင်ပြည်နယ်က ပြည်နယ်ကတော့ ချမ်းသာတယ်၊ ပြည်သူတွေ ဆင်းရဲတယ်။ ဒါကဘာလဲဆိုရင် စနစ်ကမကောင်းလို့ပဲ။

ကချင်ဒေသအပါအဝင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက် အချိန်ယူရဦးမယ်လို့ ယူဆသလဲ။

မြန်မြန်ဆန်ဆန် ဖြစ်မယ်လို့ မထင်ဘူး။ အနိမ့်ဆုံး ငါးနှစ်ဆယ်နှစ်ပေါ့။ အခု (ငြိမ်းချမ်းရေး) ညီလာခံတောင်မှ  လေးနှစ်ငါးနှစ်ကြာမှ အဖြေကထွက်တာ။ သတ်မှတ်ထားတဲ့ အတိုင်းဆိုရင် လေးလ တစ်ကြိမ်ဆိုတော့ ခေါင်းစဉ်တွေ အများကြီးပေါ့။ ၂ဝ၂ဝ မှာတောင်မှ ရချင်မှရမှာ။ ပထမတော့ ငါးနှစ်၊ ဆယ်နှစ် ကြာမယ်လို့ပြောရင် အချိန်ဆွဲတယ်လို့ ထင်တာ။ ဆန္ဒစောတယ်လေ။ ဒါပေမဲ့ အခုကြည့် တော့ ဒီလိုပါပဲ။ ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော် သွားဖို့ လိုတယ်။ အဲဒီပါတီစုံက အပြုသဘောဆောင်ဖို့ လိုတယ်။ အဖျက်သဘောဆောင်ရင် တိုင်းပြည် ပျက်မှာပဲ။ ကိုယ်နဲ့ ပါတီမတူ ကိုယ့်ရန်သူလို့ သဘောမထားရဘူး။ အပြုသဘောနဲ့ပဲ သွားကြမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ မအေးချမ်းစရာ အကြောင်းမရှိဘူး။

Mizzima Weekly