“ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ။ ဘယ်လို အခင်းအကျင်းမျိုးနဲ့ ကျင်းပနေသလဲ”

“ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ။ ဘယ်လို အခင်းအကျင်းမျိုးနဲ့ ကျင်းပနေသလဲ”

ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေပါတယ်။ ဖွင့်ပွဲကျင်းပတဲ့ နေ့တုန်းကတော့ သမ္မတဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အင်န်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ခေါင်းဆောင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး တို့ အဖွင့်အမှာစကား ပြောခဲ့ကြပါတယ်။ တိုင်းပြည် ခေါင်းဆောင်တွေ စုံစုံညီညီ တက်ရောက် မိန့်ခွန်းပြောတဲ့ အဲဒီ ညီလာခံကို ဘယ်လို ကိုယ်စားလှယ်တွေ တက်ရောက်နေပြီး ဘယ်လို ကျင်းပနေကြသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရခြင်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ဆီကို အစိုးရတာဝန်တွေ လွဲှပြောင်း ပေးတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ခုကို ဆောင်ရွက်ရခြင်း ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီ ငြိမ်းချမ်းရေး ညီလာခံ မစတင်ခင် ဖြစ်ပေါ်ခဲ့တဲ့ အခင်းအကျင်း အခြေအနေ ကိုကြည့်ရင် သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီ ညီလာခံကြီးနဲ့ ပတ်သက်ပြီး သိပ် တက်တက်ကြွကြွ ရှိတာမျိုး မတွေ့ရတော့ပါဘူး။ အကြောင်းကတော့ အစိုးရက လေးလေးစားစား သွားရောက် ဖိတ်ကြားတဲ့တိုင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက လာမတက်တာ၊ နောင် အစိုးရတာဝန် လွဲှပြောင်းယူတော့မယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၅ ယောက် လောက်ပဲ စေလွှတ်တာ၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း ကိုယ်စားလှယ်တွေ မလွှတ်တဲ့အပြင် ညီလာခံနဲ့ ပတ်သက်ပြီး သိပ် ဟက်ဟက်ပက်ပက် မရှိတာ၊ အရပ်ဘက် အဖွဲ့အစည်း တစ်ရာကျော်ကလည်း ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ ကြေငြာချက် ထုတ်ထားတာ စတဲ့ အချက်တွေ ကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်က ဒီညီလာခံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးကြမယ် ဆိုပေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ် တာမျိုး မလုပ်ပဲ ဆွေးနွေးမှုတွေ စုစည်းတာလောက်ပဲ လောက်မယ်၊ အဲဒီ စုစည်းထားတာ တွေကို နောင် ညီလာခံကို ဆက် သယ်ဆောင်သွားကြ ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီ ညီလာခံမှာ ဆွေးနွေးပွဲတွေကို ဦးဆောင်မယ့် သူတွေကတော့ သဘာပတိ အဖွဲ့ပါ။ အစုအဖွဲ့ အသီးသီးဟာ သူတို့ ရွေးချယ်ထားတဲ့ သဘာပတိ အဖွဲ့စာရင်းတွေ တင်ပြပြီး ညီလာခံရဲ့ အတည်ပြုချက် ရယူရပါတယ်။ အစိုးရအဖွဲ့ဘက်က နဂိုမူလ ပေးထားတဲ့ သဘာပတိ အဖွဲ့ စာရင်းတွေမှာ “ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးလှထွန်း၊ ဦးသက်ထွန်းဦး (ပြည်ထောင်စု ရှေ့နေချုပ်)၊ ဦးအောင်သိန်း (ပြန်ကြားရေး ဒုဝန်ကြီး)၊ ဦးခင်ရီ၊ ဦးသန်းဋ္ဌေး၊ ဦးခင်မောင်စိုး၊ ဦးဝင်းထွန်း ” တို့ ပါပါတယ်။ ဝန်ကြီးဟောင်း နှစ်ယောက်ကလွဲရင် ကျန်တာ အစိုးရအဖွဲ့ရဲ့ တကဲ့ လက်ရှိ တာဝန်ရှိသူတွေပါ။ ညီလာခံမှာ တက်တက်ကြွကြွ ပါဝင်ကြ မယ့် သဘောပါ။ ဒါပေမယ့် နောက်ပိုင်း ဒီ စာရင်းကို ပြောင်းလဲလိုက်ပါတယ်။ အစိုးရအဖွဲ့က ရွေးချယ် ပေးတဲ့ သဘာပတိ အဖွဲ့စာရင်းမှာ “ဦးအောင်မင်း၊ ဦးလှထွန်း၊ ဦးစောထွန်းအောင်မြင့်၊ ဦးဇော်အေးမောင်၊ စောဂျူဗလီစံလှ၊ ဦးကိုကိုလှိုင်၊ ဦးစစ်ဟိန်း၊ ဦးခင်ရီ၊ ဦးသန်းဋ္ဌေး” ဆိုပြီး ဖြစ်လာပါတယ်။ ဦးအောင်မင်း၊ ဦးလှထွန်း ဝန်ကြီးနှစ်ပါးကလွဲရင် ကျန်သူတွေကတော့ အစိုးရအဖွဲ့ရဲ့ သဘောထားကို ကောင်းကောင်း ကိုယ်စားမပြုနိုင်သူတွေပါ။ ပြောရရင် ညီလာခံနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ဘက်က စိတ်မပါ လက်မပါ ဖြစ်သွားပုံ ရပါတယ်။

နိုင်ငံရေးပါတီတွေက ရွေးချယ်ပေးတဲ့ သဘာပတိ အဖွဲ့ဝင် စာရင်းကိုလည်း ကြည့်ပါဦး။ “ဦးစိုင်းအိုက်ပေါင်း SNDP ဥက္ကဋ္ဌ၊ ဦးမန်းအောင်ပြည်စိုး ဒုဥက္ကဋ္ဌ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဦးခူးဦးရယ်၊ ဥက္ကဋ္ဌ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ဦးဖုန်းမင်း၊ ဒုဥက္ကဋ္ဌ ရခိုင် အမျိုးသားပါတီ၊ ဦးနိုထန်ကပ်၊ ချင်းအမျိုးသား တိုးတက်ရေးပါတီ၊ ဦးနိုင်လှခိုင်၊ ဗဟိုကော်မတီဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဒေါက်တာမနန်တူးဂျာ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ ဦးအောင်သန်း၊ ဒုဥက္ကဋ္ဌ၊ ခေတ်သစ် ပြည်ထောင်စုပါတီ၊ ဒေါ်တင်တင်မာ၊ ဒုဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)” ဆိုပြီး ဖြစ်ပါတယ်။ ဆွေးနွေးဘက်တွေထဲမှာ “မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများ” ထဲက လို့ ဆိုထားတဲ့အတွက် ပြည်သူထောက်ခံခံ မခံခံ အဲဒီ ပါတီ အများစုကြီးက ပါတီဝင်တွေက ကိုယ်စားလှယ်တွေဖြစ်၊ သဘာပတိ အဖွဲ့ဝင်တွေ ဖြစ်ကုန်တာမျိုးပါ။ (ရခိုင်အမျိုးသားပါတီက လွဲရင်ပေါ့)

ပြောရရင် ဒီညီလာခံကြီးမှာ တကယ့်တကယ် ကိုယ်စားပြုပြီး ပါဝင်သင့်တဲ့သူတွေ မပါဝင်ပါဘူး။ နောက်တစ်ချက်က အရည်အတွက် အလွန်ဖေါင်းပွနေမှုပါ။ အုပ်စု တစ်ခုချင်းစီမှာ တိုင်းပြည်ရဲ့ အရေးအရာတွေအတွက် တကယ် ဆွေးနွေးနိုင်တဲ့သူ နည်းနည်းပါးပါးလောက်ပဲ ပါပါတယ်။ ဘုမသိ ဘမသိ ပါတဲ့လူတွေကလည်း မနည်းပါဘူး။ ဒီအတွက် အခု ငြိမ်းချမ်းရေး ညီလာခံဆိုတာဟာ တကယ့် တိုင်းရေးပြည်ရာတွေကို ဆွေးနွေးကြမယ့် ညီလာခံ ဆိုတာမျိုးထက် လူတွေ အများကြီးနဲ့ ခန်းခန်းနားနား လုပ်ပြတဲ့ ပုံသဏ္ဍာန် သဘောဘက် ပိုပြီး သက်ရောက်နေတာ တွေ့နိုင်ပါတယ်။ နောင် ကျင်းပမယ့် ညီလာခံတွေဟာ အခုလို ညီလာခံမျိုး မဟုတ်ပဲ အားလုံးပါဝင်မယ့်၊ တကယ် ဆွေးနွေးခွင့်ရှိသူတွေ၊ ဆွေးနွေးနိုင်သူတွေ တက်ရောက်မယ့် ကျစ်ကျစ်လစ်လစ်နဲ့ အနှစ်သာရရှိတဲ့ ညီလာခံမျိုး ဖြစ်မှသာ တိုင်းပြည်ရဲ့ အရေးအရာတွေကို မှန်မှန်ကန်ကန် အဖြေရှာပေးနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly