အချိန်ဇယားဝင်ရုံ သမိုင်းမတွင်ပါစေနှင့်

အချိန်ဇယားဝင်ရုံ သမိုင်းမတွင်ပါစေနှင့်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် ဖြစ်နိုင်သလောက် ကိုယ်စား လှယ်စုံနှင့် ၂၀၁၆၊ ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပနေသည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ မစုံသဖြင့် မူလက ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဟု ထင်ထားသော်လည်း တကယ်တမ်းတွင် ညီလာ ခံဖွင့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောခဲ့သည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲကလည်း အများအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်နေ ရသည်။ ဒေါ်အောင်ဆန်းစုကြည်ပါလျှင် ပွဲစည်သည်၊ အလုပ်ဖြစ်သည်ဟု အများက ယူဆနေကြသည်။ အများဆိုသည် မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ဆိုလိုပါသည်။ သမ္မတ ဦးသိန်းစိန်ကမူ တစ်ခေတ်တစ်ခါမှပေါ်သည့် ညီလာခံမျိုး (ဝါ) သမိုင်းဝင် ညီလာခံဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ပြည်သူများ မလိုလားသည့် စစ်အာဏာရှင်များ အလိုကျ ရေးဆွဲခဲ့ သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်ရာ အမျိုးသားညီလာခံမျိုး ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက ဖြစ်သွားမည်ကို စိုးရိမ်ကြသည်။ အမျိုးသားညီလာခံသည် ပြီးခဲ့သည့် စစ်အစိုး ရ အဆက်ဆက်က အချိန်ယူ အချိန်ဆွဲ ကျင်းပခဲ့သော ဟန်ပြညီလာခံ သက်သက်သာဖြစ်ပြီး၊ မြန်မာ့ လူ့ဘောင်တွင် စစ်ဘောင်တရားဝင် တည်မှီ ချဲ့ထွင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးကိုသာ ထွက်ရှိစေခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် အဓိက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ မတက် ရောက်ပါ။ ယင်းအဖွဲ့များက တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို သဘောညီသော်လည်း ပြီးခဲ့သည့်
အောက်တိုဘာ ၁၅ လက်မှတ်ရေးထိုးပွဲတွင်မူ လက်မှတ်မထိုးခဲ့ပါ။ လက်မှတ်လည်းမထိုး၊ ယခုငြိမ်း ချမ်းရေး ညီလာခံသို့လည်း မတက်ရောက်ခဲ့ခြင်းမှာ နောက်အစိုးရသစ် အင်န်အယ်လ်ဒီကို မျှော်နေ ခြင်းကြောင့်ဟု ယူဆသူများလည်း ရှိသည်။

ဤတွင် ယင်းအဖွဲ့များကို ရည်ညွှန်းလိုပုံရသည့် စကားတစ်ခွန်းကို လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ဥက္ကဋ္ဌ စောမူတူး စေးဖိုးက ညီလာခံ အဖွင့်မိန့်ခွန်းတွင် ယခုကဲ့သို့ ပြောသည်။ “မိမိတို့သည် Waiting Game (အချိန် ကောင်းစောင့်ခြင်း)ကို ကစား ကဲ့သို့ မလုပ်ကြဘဲ နိုင်ငံရေးကို ပီပီပြင်ပြင် လုပ်ဆောင်ကြရမည်”။

ခေါင်းဆောင်များနှင့် ညီလာခံတွင် ပါဝင်ကြသူများ၏ မှတ်ချက်စကားများအရ လည်းကောင်း၊ အင်န်စီ အေပါ အချက်အလက်များအရ လည်းကောင်း၊ ယခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် အင်န်စီအေကို နေပြည်တော်တွင် လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း အချိန်ဇယား အရ ပေါ်ပေါက်လာခဲ့ခြင်း သာ ဖြစ်သည်။ အချိန်ဇယားများသည် ငြိမ်းချမ်းရေး အမြန်ဖြစ်ထွန်းစေရန် လည်းကောင်း၊ နိုင်ငံရေး တိုးတက်မှု ဖြစ်ပေါ်စေရန် လည်းကောင်း တွန်းအားသဖွယ် ဖြစ်သည့်အ တွက် လိုအပ်ပါသည်။ သို့သော် မည်ကာမတ္တသ ဘောမျိုး မဖြစ်ရန်ကား လိုသည်။

မည်သို့ဆိုစေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး နောက်ဆက်တွဲဖြစ်သည့် ပြည်သူ့ဆန္ဒ များ အကောင်အထည်ဖော်ရန် (ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရန်) အရေးကြီးသော ကာလတွင် ဤပြည်ထောင်စု ငြိမ်းချမ်းရေ းညီလာခံကို အစောတလျင် ကျင်းပသည်ဖြစ်စေ၊ ဦးသိန်း စိန်အစိုးရက ၎င်း သက်တမ်းမကုန်ခင် သမိုင်းဝင် ရလဒ်တစ်ခုကို မော်ကွန်းရေးထိုးလို၍ ဖြစ်စေ၊ အခြားသော အကြောင်းအရာများနှင့် ဖိအားများကြောင့် မဖြစ်မနေ ဤအချိန်ဤကာလတွင် ကျင်းပ သည်ဖြစ်စေ၊ အင်န်စီအေပါ သဘောတူညီချက်များအရ နောက်ဆက်တွဲ အကောင်အထည်ဖော်ရ သည်ဖြစ်စေ ဆိုင်ရာပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအားလုံးသည် ရိုးသားမှု အခြေခံပေါ်တွင် ငြိမ်းချမ်း သော မြန်မာပြည်ကို အမှန်မသွေ တည်ဆောက်ပါမည့်အကြောင်း မဇ္ဈိမက မီးမောင်းထိုးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly