မန္တလေးမြို့၌ ရာအိမ်မှူး ၁ ဦး ဘီယာသောက်နေစဉ် ပစ်သတ်ခံရ

မန္တလေးမြို့၌ ရာအိမ်မှူး ၁ ဦး ဘီယာသောက်နေစဉ် ပစ်သတ်ခံရ

ဇန်နဝါရီ ၃၁ ရက်

မန္တလေးမြို့၌ ယနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းက ရပ်ကွက်ရာအိမ်မှူး တစ်ဦး ဘီယာဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ပစ်သတ်ခံခဲ့ရသူသည် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ရာအိမ်မှူး ဦးမျိုးအောင် ဆိုသူဖြစ်ကြောင်း ၎င်းအား ၅၈ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ ဘီယာဆိုင် တစ်ဆိုင်တွင် သေနတ်သမား နှစ်ဦးက ပစ်သတ်သွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်စဉ်အား မြင်တွေ့လိုက်ရသူက ဆိုသည်။

“နေ့လယ်က ၃ နာရီခွဲကျော်ကျော်လောက်က ဖြစ်မယ်ထင်တယ်၊ သူက အမျိုးသမီး တစ်ယောက်နဲ့အတူ ဘီယာ ထိုင်သောက်နေတယ်၊ သူ့စားပွဲမှာ နောက်ထပ် အမျိုးသား တစ်ယောက်လည်းပါတာ သတိထားမိတယ်၊ အပစ်ခံရတာက ဇာတ်လမ်း ဆန်ဆန်လေးဗျ၊ သေနတ်ပစ်တဲ့ နှစ်ယောက်ကလည်း တစ်ခြားဝိုင်းမှာ ဘီယာသောက်နေတာ၊ သူ့ကို မပစ်ခင် အခြေအနေကြည့် နေတယ်ထင်တယ်၊ နောက်တော့ အလစ်ဝင်ဆော်သွားတာ ဂျွမ်းကိုပြန်ရော” ဟု မျက်မြင်တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး ဦးမျိုးအောင်၏ ခန္ဓာကိုယ် အလယ်ပိုင်း ဝမ်းဗိုက်နှင့် ရင်အုံတို့ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်စီရရှိခဲ့ပြီး၊ လူမှုကူညီရေး အသင်းကားဖြင့် ဆေးရုံပို့စဉ် သေဆုံးသွားကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required